ကိုရီးယားမင်းသားချောတွေ အကြောင်းပြောရင် မပါမဖြစ်က လီမင်ဟိုပါ။ F4 ကားထဲမှာ ဆံပင်ကောက်ကောက်လေးနဲ့ မိဘတွေရဲ့ အလိုလိုက်ဖျက်ဆီးထားခြင်းကို ခံခဲ့ရတဲ့ သူဌေးသားလေး လီမင်ဟိုဟာ အဲဒီတုန်းက နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ဖြစ်ခဲ့ပါတယ်။

သူဟာ အဲဒီ F4 တစ်ကားနဲ့တင် လုံးဝ ဖောက်ထွက်ခဲ့တဲ့ မင်းသားဖြစ်ပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေ အားပေးတာ ခံခဲ့ရသူပါ။ ဒါကြောင့်လည်း လွန်ခဲ့တဲ့ ၁၃ နှစ်လုံးလုံး တခြား ဘယ်ကားမှာမှ Audition ဝင်စရာ မလိုခဲ့ပါဘူး။ ခေါင်းဆောင်မင်းသားနေရာကို အမြဲတမ်း ရရှိခဲ့သူပါ။

ဒါက သူ့ရဲ့ သရုပ်ဆောင် စွမ်းရည်ကို မေးခွန်းထုတ်စရာလေးတော့ ရှိလာခဲ့ပါတယ်။ သူ ပါဝင်ခဲ့တဲ့ The Heirs နဲ့ King : Eternal Monarch အပါအဝင် ဇာတ်လမ်းတော်တော်များများမှာ F4 ထဲက ပုံစံနဲ့ သိပ်မကွာတဲ့ သူဌေးသားဆိုးဆိုးလေးအနေနဲ့ပဲ သရုပ်ဆောင်ခဲ့တာပါ။

အခု ထုတ်လွှင့်ပြသနေတဲ့ Pachinko ဆိုတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံဇာတ်လမ်းတွဲလေးမှာတော့ လီမင်ဟိုကို မြင်နေကျမဟုတ်တဲ့ ဂိုဏ်းစတား လူမိုက်အနေနဲ့ တွေ့နေရပါပြီ။ တွေ့မယ့်တွေ့တော့လည်း 18 plus တွေပါ ခပ်ကြမ်းကြမ်း ဖြစ်လာတာမို့ အထူးသဖြင့် မိန်းကလေး ပရိသတ်တွေ ရင်တလှပ်လှပ် ဖြစ်နေကြပါတယ်။

ပိုပြီး အံ့သြဖို့ကောင်းတာက လီမင်ဟိုဟာ ဒီကားမှာ ပါဝင်ခွင့်ရဖို့ သူကိုယ်တိုင် လူရွေးပွဲ ဝင်ခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီလို ဝင်ရတာကို ရှက်တာ၊ ခံပြင်းတာ မရှိတဲ့အပြင် သူ့ရဲ့ အရည်အချင်း အစစ်အမှန်နဲ့ ရခဲ့တဲ့ နေရာဖြစ်သွားလို့ ပိုတောင် ဂုဏ်ယူတယ်ဆိုပြီး လီမင်ဟိုက ပြောခဲ့ပါတယ်။

ကဲ... အိုပါးရဲ့ အမိုက်စား ရိုက်ချက်တွေကို အပတ်တိုင်း စောင့်ကြည့်လိုက်ကြရအောင်နော်။
Ref : https://www.koreaboo.com/news/lee-min-ho-pachinko-audition-13-years/