ဘဝမှာ တစ်ခါလောက်တော့ “ထီပေါက်ပြီး ထီလက်မှတ်ပျောက်ရတဲ့အဖြစ်”ကိုလူတိုင်းကြုံဖူးကြမှာပါ အဲ့လိုကိစ္စမျိုးဟာဖြစ်ခဲပြီးတော့ ဖြစ်ပြီဆိုရင်လည်း တစ်သက်လုံး ယူကြုံးမရနိုင်တဲ့ ကိစ္စမျိုးတွေပါ နေရာအစုံမှာ ကြားနေမြင်နေရတဲ့ ဒီလိုဖြစ်ရပ်မျိုးဟာ Gaming လောကမှာလည်း ဖြစ်ခဲ့ပါတယ် မနှစ်ကဖြစ်ခဲ့တဲ့ဖြစ်ရပ်မှာ ကာယကံရှင် Gamer တော့အရူးမီးဝိုင်းဖြစ်ခဲ့လောက်ပါတယ်

Microsoft ဟာ Xbox Series X နဲ့ Series S ဂိမ်းစက်တွေကို လက်ဆောင်အဖြစ် မဲဖောက်ပေးနေတာ တော်တော်ကြာပါပြီ ဂိမ်းကစားသူဟာ Microsoft Rewards ထဲမှာ Xbox စီးရီးနဲ့သက်ဆိုင်တဲ့ လုပ်ဆောင်ချက်တွေကို ပြီးအောင်လုပ်ပြီး အမှတ်တွေစုရပါတယ် ပြီးရင်အဲ့အမှတ်တွေကို အသုံးပြုကာ မဲနှိုက်ရတာဖြစ်ပြီး Xbox gift card တွေ Game Pass subscription တွေလက်ဆောင်ရပါတယ်

ဒီအစီအစဉ်ကနေ Gamer တစ်ယောက်ဟာ Far Cry 6 Xbox Series X တစ်လုံးမဲပေါက်ခဲ့ပါတယ် ဂိမ်းစက်တင်မကပဲ အလှဆင်ထားတဲ့ လက်ကိုင်ခလုပ်တစ်ခု Far Cry 6 ဂိမ်းခွေတစ်ခုနဲ့ Samsung NEO QLED TV တစ်ခုပါပါပြီး စုစုပေါင်းတန်ကြေး 4288.98 ဒေါ်လာတန်ဖိုးရှိပါတယ် သူမဲပေါက်တဲ့အကြောင်းကို Mail ပို့ပြီးဆက်သွယ်ခဲ့ပေမဲ့ အချိန်မှီအကြောင်းမပြန်ခဲ့တာကြောင့် အဲ့ဆုနဲ့ လွဲချော်ခဲ့ရပါတယ် အောက်တိုဘာ 22 ရက်နေ့ 2021 ခုနှစ်နောက်ဆုံး အကြောင်းမပြန်ခဲ့တာကြောင့် လက်ဆောင်ကို တခြား Gamer တစ်ယောက်ရရှိသွားပါတယ်

အကြောင်းပြန်ရမဲ့ထဲမှာ နာမည်အပြည့်အစုံ လိပ်စာ ဖုန်းနံပါတ်နဲ့ အသက်တို့ကိုဖြေကြားရမှာကြောင့် မဲပေါက်ခဲ့သူက ကိုယ်ရေးအချက်အလက်တွေတောင်းတဲ့ scam mail လို့ယူဆပြီး အကြောင်းမပြန်ခဲ့တာပါတဲ့ အားလုံးကြုံဖူးကြတဲ့အတိုင်း မဲပေါက်တယ် ပိုက်ဆံတွေရတယ်လို့ Scam Mail တွေက ပို့နေကျမလို့ ဒီ Mail ကိုလည်း အဲ့လိုတွေထဲတစ်ခုလို့ ထင်သွားပုံပါပဲ

အရင်တုန်းက Xbox One S တစ်လုံးကို မဲပေါက်ခဲ့ဖူးသူတစ်ယောက်က သူ့အတွေ့အကြုံကို “Mail ကို Microsoft ကတိုက်ရိုက်ပို့တာမဟုတ်ပဲ ပရိုမိုးရှင်းကုမ္ပဏီတစ်ခုက တဆင့်ပို့တာပါ Mail ပုံစံက မြင်နေကျ Scam ပုံပေါက်နေပြီး သိပ်ယုံချင်စရာမကောင်းဘူး ဒါပေမဲ့ Google ကနေနည်းနည်းရှာကြည့်ပြီးတော့ အချက်အလက်တွေပို့ပေးလိုက်တယ် တစ်လလောက်ကြာတော့ 2 ရက်အတွင်း အချက်အလက်တွေမပို့ရင် ဆုမရတော့မဲ့အကြောင်း mail ထပ်ပို့လို့ ပို့ပြီးကြောင်း ပြန်ပြောလိုက်တော့မှ နောက်နေ့ Microsoft ကဆက်သွယ်လာတယ်”လို့ Reddit မှာမျှဝေခဲ့ပါတယ်
နောက်ဆုံးမှာတော့ မဲပေါက်သူ Gamer က ဒီလက်ဆောင်ကို မရခဲ့ပဲ အုတ်ကလာဟိုးမားမြို့မှ Greg E ဆိုသူက ရရှိသွားခဲ့ပါတယ်