Harry Potter 20th Annivesery:Return to Hogwarts ဇာတ်ကားကို နှစ်သစ်ကူးနေ့က HBO Max မှာစတင်ပြသခဲ့ပါတယ် ဒီဇာတ်ကားက အရင်ဇာတ်ကားတွေလို ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ပြတာမဟုတ်တော့ပဲ Harry Potter ဇာတ်ကားတွေထဲက သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့ဝင်တွေ ထုတ်လုပ်သူတွေ ပြန်ဆုံတွေ့ကြတဲ့ အမှတ်တရရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ် ဒီကားထဲမှာ အားလုံးဟာ ငယ်ဘဝတုန်းက အမှတ်တရတွေနဲ့ ရိုက်ကွင်းကအကြောင်းတွေအားလုံးကို ပြန်မျှဝေဖို့ သရုပ်ဆောင်တွေဟာ ဟော့ဝဒ်ကျောင်းတော်ကြီးမှာ ပြန်ဆုံတွေ့ကြတာပါ

ထွက်ခဲ့သမျှ Harry Potter ဇာတ်ကားတွေရဲ့ နှစ် ၂၀ ကျော်အမှတ်တရတွေကို Daniel Radcliffe,Emma Watson နဲ့ Rupert Grint တို့က ပြန်မျှဝေခဲ့ကြပါတယ် သူတို့တွေရဲ့ ကလေးဘဝကစလို့ တောက်လျှောက်ရရှိခဲ့တဲ့ အမှတ်တရတွေအကြောင်းကို သုံးယောက်သား ပြောဆိုခဲ့ကြတာပါ တခြားသရုပ်ဆောင်တွေအများကြီးနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ် လောလောဆယ် လူပြောများနေတဲ့ ရယ်စရာအကြောင်းတစ်ခုက ဒီကားထဲမှာ တည်းဖြတ်ရေးပိုင်းက ရယ်ရခက် ငိုရခက် အမှားတချို့ကို ပြုလုပ်ခဲ့မိကြတဲ့အကြောင်းပါ ပထမတစ်ခုကတော့ Emma Watson ရဲ့ငယ်ဘဝကိုပြသချိန်မှာ Emma Watson ရဲ့ကလေးဘဝဓာတ်ပုံအစား မင်းသမီး Emma Roberts ရဲ့ကလေးဘဝဓာတ်ပုံကို မှားသုံးခဲ့မိတာဖြစ်ပါတယ် မျက်စိလျှင်တဲ့ပရိသတ်တွေက အဲ့ဒီအမှားကို သတိထားမိခဲ့ကြတာဖြစ်ပါတယ်

Emma Watson ဟာသူမငယ်ငယ်တုန်းက Harry Potter စာအုပ်တွေနဲ့ပတ်သက်ပြီး ပြောပြနေတဲ့အခန်းမှာဖြစ်ပါတယ် “ပထမဆုံးစာအုပ်ထွက်လာတုန်းက ကျွန်မအသက် 8 နှစ်လောက်ပဲရှိဦးမယ်ထင်တယ် အဖေကစာအုပ်ထဲကအတိုင်း အသံတွေလုပ်ပြတော့ မောင်လေးနဲ့ကျွန်မ အရမ်းသဘောကျခဲ့ရတာ အခန်းတစ်ခုဖတ်လို့ပြီးတိုင်း သူ့ကိုနောက်တစ်ခုဖတ်ပြခိုင်းတယ် နောက်တစ်ပုဒ် နောက်တစ်ပုဒ်လောက်ဖတ်ပြပါဦးလို့ ဖြစ်နေကြတာ”လို့ Emma ပြောနေတုန်း သူမကလေးဘဝက ဓာတ်ပုံတစ်ပုံကို ပြခဲ့ပြီး အဲ့ဒီပုံက မင်းသမီး Emma Roberts ရဲ့ပုံဖြစ်နေခဲ့တာပါ 2012 ခုနှစ်တုန်းက သူမ Instagram မှာတင်ထားတဲ့ပုံဖြစ်ပါတယ်

ထုတ်လုပ်သူတွေဟာ အဲ့အမှားကိုသိခဲ့ပြီးနောက် ဗားရှင်းအသစ်မှာ အဲ့အမှားကိုပြင်ပေးမယ်ဆိုတဲ့အကြောင်း စာတစ်စောင်ထုတ်ပြန်ပေးခဲ့ပါတယ် Entertainmnet Weekly ဖတ်ခဲ့ရတဲ့စာတစ်စောင်မှာ “Harry Potter ပရိသတ်တွေ တော်ပါတယ်”လို့တောင် ရေးထားပါသေးတယ် “တည်းဖြတ်မူပိုင်းမှာ မှားယွင်းခဲ့တဲ့ ပုံတစ်ပုံကို ကျွန်တော်တို့သိအောင် ပြောပြနိုင်ခဲ့ပါတယ် ဗားရှင်းအသစ်ကို ထုတ်ပေးတော့မှာပါ”လို့ထုတ်ပြန်ခဲ့ပါတယ်

ဒီတစ်ခုတည်းမှားတာမဟုတ်ပါဘူး George Weasley အဖြစ် သရုပ်ဆောင်တဲ့ Oliver Phelps ကလည်း ဇာတ်ကားထဲမှာ သူနဲ့သူ့အမွှာ James တို့နှစ်ယောက်ကို နာမည်မှားတပ်ထားတဲ့အကြောင်း ဟာသလုပ်ပြီး Instagram မှာတင်ထားပါတယ်

Neville Longbottom အဖြစ်သရုပ်ဆောင်တဲ့ Matthew Lewis ကတော့ “တကယ့်ဟာသပဲ ငါ့ကောင်.Wtf? ဟားဟား”လို့ comment ဝင်ရေးထားပါတယ် Draco Malfoy အဖြစ်သရုပ်ဆောင်သူ Tom Felton ကတော့ သူ့ရဲ့ဗီလိန်ဓာတ်လေးပါအောင် “အဲ့ဒါငါလုပ်ထားတာ :) #weaslebee” လို့ comment ဝင်ရေးထားပါတယ်





