ဖိလစ်ပိုင် ဆိုရှယ်မီဒီယာဆယ်လီ တစ်ဦးဖြစ်တဲ့ ခရစ္စတင်း အဲလ်ဘတ် ဂါဇာ ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ မြို့လည်ခေါင်မှာ ဘေလ်ဘုတ်နှစ်ခုကိုဝယ်ပြီး သူ့ရဲ့ပုံနဲ့အတူ ကြော်ငြာဘုတ်မှာ Blackpink မှ Jennieကို ‘Dinner Date’ လုပ်ဖို့တောင်းဆိုခဲ့ပါတယ်။


ဆိုးလ်မြို့တော်ရှိ Blackpink ရဲ့ စီမံခန့်ခွဲရေး အေဂျင်စီဖြစ်တဲ့ YG Entertainment ရုံးနဲ့ ကီလိုမီတာ အနည်းငယ်သာဝေးတဲ့နေရာက ဘေလ်ဘုတ်နှစ်ခုမှာ သူ့ပုံတွေနဲ့အတူ ဂါဇာက Jennie ကို ညစာစားဖို့ ပြောဆိုထားခဲ့တာဖြစ်ပါတယ်။ ဒီဘေလ်ဘုတ်တွေအတွက် ဖိလစ်ပိုင်ပီဆို ၁.၅ သန်း ကုန်ကျခဲ့တယ်လို့လည်း သူက ပြောဆိုပါတယ်။

“မင်းက ကိုယ်အဆုံးမရှိသိပ်သဘောကျရတဲ့ Crush လေးတစ်ယောက်ပါပဲ။ မင်းကို ကိုယ်နဲ့အတူ ညစာစားဖို့ဖိတ်ခေါ်လို့ရနိုင်မလားကွယ်?…နောက်ပြီး ကိုယ့်ကို အပျော်ရွှင်ဆုံးလူသားတစ်ဦး ဖြစ်အောင်ရော မင်းလုပ်ပေးလို့ရနိုင်မလားဟင်”လို့ ရှန်းဂါဇာလို့လည်း သိကြတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားက ဘေလ်ဘုတ်တွေမှာ ရေးသားထားခဲ့ပါတယ်။


ဂါဇာက အောက်တိုဘာ ၃၁ ရက်နေ့တုန်းက တင်ခဲ့တဲ့ ဖေ့စ်ဘုတ်ပို့စ်တစ်ခုမှာတော့ သူ့အနေနဲ့ Jennie နဲ့ ဘယ်လိုအဆက်အသွယ်လုပ်ရမှန်း မသိဘူးလို့ ဆိုထားခဲ့ပါတယ်။ သူ့အနေနဲ့ ဒီလိုလုပ်ရပ်မျိုးက ပထမအကြိမ်တော့မဟုတ်ခဲ့ပါဘူး။ ၂၀၁၇ ခုနှစ်ကလည်း မနီလာမြို့မှာ ဘေလ်ဘုတ်တစ်ခုကို သုံးပြီး ဖိလစ်ပိုင် သရုပ်ဆောင်မင်းသမီး အာရစ်ချ် ဂွန်ဇာလက်စ်ကို ကော်ဖီသောက်ဖို့ သူ ဖိတ်ခေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ မင်းသမီးက ငြင်းပယ်ခဲ့ပါတယ်။

ဒါ့အပြင် မနှစ်က ဗယ်လင်တိုင်းဒေးမှာလည်း သူဟာ နောက်ထပ် ဖိလစ်ပိုင် မင်းသမီးတစ်ဦးဖြစ်တဲ့ နာဒင်း လပ်စထရီကို ချဉ်းကပ်ခဲ့သေးပြီး ပန်းတွေဆင်ထားတဲ့ အနီရောင် Ford Mustang ကားတစ်စီးနဲ့ သူမအတွက် လူမှုကွန်ယက်ကနေပို့စ်တစ်ခု တင်ခဲ့ပါတာ ဖြစ်ပါတယ်။


Source : Christian Albert Gaza’s Fb Acc & The Straits Times