ပေါ်တူဂီ ဘောလုံး Legend ကြီး ခရစ်စတီယာနိုရော်နယ်ဒိုနှင့် ဇနီးသည် ဂျော်ဂျီနာ တို့ဟာ ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း ရော်နယ်ဒိုရဲ့ လူမှုကွန်ရက် အင်စတာဂရမ်စာမျက်နှာမှာ ကြေညာထားပါတယ်။ ပိုပြီး ဝမ်းသာဖို့ကောင်းတာက ဒီတစ်ခေါက်ကိုယ်ဝန်က အမွှာပူးလေးဖြစ်နေတာပါ ။ ဒါကြောင့် ခရစ်စတီယာနို ရော်နယ်ဒိုကြီးတစ်ယောက် ကလေး ၆ ယောက် အဖေ ဖြစ်လာတော့မှာပါ။သူ့ရဲ့ လူမှုစာမျက်နှာမှာတော့ အခုလို ရေးတင်ထားပါတယ်။

“အားလုံးကို ပျော်ရွှင်ဝမ်းမြောက်စရာ သတင်းလေးကြေညာပေးပါရစေ။ အမွှာလေးပါတဲ့ဗျာ .. ကျွန်တော်တို့ရင်ထဲမှာလည်း အချစ်တွေ အပြည့်ပါပဲ .. ကလေးလေးတွေနဲ့တွေ့ဖို့ မစောင့်နိုင်တော့ဘူးဗျာ ..”
ခရစ်စတီယာနိုရော်နယ်ဒိုဟာ သူ့ဇနီးဖြစ်သူနဲ့အတူ အမွှာကလေးလေးရဲ့ အက်ထရာဆောင်းဓာတ်ပုံကိုပါ ပူးတွဲတင်ထားတာဖြစ်ပါတယ်။ ဇနီးဖြစ်သူရဲ့ ကိုယ်ဝန်ကတော့ ၁၂ ပတ် (၃လ) ရှိနေပြီလို့ သိရပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ အသက်က ၃၇ နှစ်ဖြစ်ပြီး ဇနီးသည် ဂျော်ဂျီနာရဲ့ အသက်ကတော့ ၂၇ နှစ်ဖြစ်ပါတယ်။ ခရစ်စတီယာနို ရော်နယ်ဒိုဟာ လက်ရှိမှာ မန်ယူအသင်းမှာ ပါဝင်ကစားနေတဲ့ ကစားသမားဖြစ်ပါတယ်။

ခရစ်စတီယာနို ရော်နယ်ဒိုဟာ ၂၀၁၀ ခုနှစ်မှာ သူရဲ့ သားဦးလေးဖြစ်တဲ့ Cristiano Junior ကိုမွေးခဲ့ပေမယ့် မိခင်ဖြစ်သူကိုတော့ ထုတ်ဖော်ပြောကြားထားခြင်းမရှိပါဘူး။ ၂၀၁၇ ခုနှစ်မှာတော့ အငှားကိုယ်ဝန်နဲ့ အမွှာလေးတွေဖြစ်ကြတဲ့ Eva နှင့် Mateo တို့ကိုပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာပဲ ဂျော်ဂျီနာနှင့် Alana Martina လို့ခေါ်တဲ့ သမီးလေးကို မွေးဖွားခဲ့ပါသေးတယ်။ ဒါကြောင့် အခုဆိုရင် ဇနီးသည် ဂျော်ဂျီနာနဲ့ရတဲ့ ကလေးက ၃ ယောက်ဖြစ်သွားပါပြီ။






