မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ Rap အဆိုတော်လို့ဆိုလာရင် ပရိတ်သတ်အားလုံးချစ်ခင်ကြတဲ့ အဆိုတော် လွှမ်းပိုင် ကို လည်းချန်ထားလို့မရပါဘူး။သူဟာ သူ့ရဲ့ထူးခြားတဲ့ Rap ရွတ်ဆိုပုံများနှင့် ဆန်းသစ်တဲ့သီချင်းစာသားများကြောင့် ပရိတ်သတ်ရင်ထဲ စတင်ဝင်ရောက်လာခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။


သူဟာ Underground လောကမှ ခုလိုအနေအထားထိရောက်လာအောင် အင်မတန်ကြိုးစားခဲ့တာဖြစ်ပြီး ပရိတ်သတ်တွေကလည်းသူ့ရဲ့ သီချင်းများကို အလွန်ပင်နှစ်သက် အားပေးခဲ့ကြတာဖြစ်ပါတယ်။အနားနားဘေးမှာ၊အားလုံးအိုကေ၊မဖြစ်နိုင်ဘူး၊အမြဲတမ်း အစရှိတဲ့ တေးသီချင်းများစွာကလည်း သူ့ရဲ့အောင်မြင်လာမှုအတွက် အထောက်အကူပြုခဲ့တဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့တေးသီချင်းများဖြစ်ပြီး ခုထိလည်းပရိတ်သတ်များအကြားရေပန်းစားနှစ်သက်နေကြဆဲဖြစ်ပါတယ်။


ယမန်နေ့ အောက်တိုဘာ(၁၃)ရက်နေ့မှာကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကမ်ပိန်းမှာ မြန်မာတစ်နိုင်ငံလုံးမှအနုပညာရှင်အသိုင်းအဝိုင်းများက စစ်ဘေးရှောင်ပြည်သူများကို လူသားအချင်းချင်းစာနာစိတ်ဖြင့် တောင်းပန်စကားဆိုလာခဲ့ကြတာဖြစ်ပါတယ်။အနုပညာရှင်တစ်ဦးဖြစ်တဲ့ လွှမ်းပိုင်ဟာလည်း စစ်ဘေးဒဏ်သင့်ခဲ့တဲ့ ရိုဟင်ဂျာလူမျိုးစုအတွက် တောင်းပန်စကားဆိုလာခဲ့ပါတယ်။သူဟာလွန်ခဲ့တဲ့ ကိုးနှစ်ခန့်က သူ့ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ HipHop Rohingya ဆိုတဲ့ သီချင်းမှာ ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကိုထည့်သွင်းဖော်ပြခဲ့တဲ့ အတွက် သူ့ရဲ့ စာသားတွေအတွက် အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ ပရိတ်သတ်များအား တောင်းပန်လာခဲ့တာဖြစ်ပါတယ်။ပရိတ်သတ်တွေကလည်း သူ့ရဲ့တောင်းပန်မှုကိုလက်ခံကြောင်း မှတ်ချက်ပေးထားကြတာဖြစ်ပါတယ်။ထိုသီချင်းကိုလည်းပရိတ်သတ်များနားထောင်လို့ရအောင်ဖော်ပြပေးလိုက်ရပါတယ်။

