လူရွှင်တော်မိုးစက် ကတော့ လတ်တလော နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပေါ်နေတဲ့ အချိန်ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ အနုပညာရှင်တွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ လုပ်ပေးနေတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း မိုးစက်ဟာ အနယ်နယ်အရပ်ရပ်က စေတနာရှင်များရဲ့ စုစုလှူဒါန်းမှုတွေနဲ့ လူမှုရေးပရဟိတ အလုပ်တွေကို စိတ်ရောကိုယ်ပါ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
သူပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း ပရိသတ်တွေ ထပ်တူသာဓုခေါ်နိုင်အောင် အမြဲဖော်ပြလေ့ရှိပါတယ်။ ယခုမှာလည်း လူရွှင်တော် မိုးစက်က (၇)ရက်သားသမီးတွေရဲ့ စုပေါင်းကုသိုလ်တွေနဲ့ မွန်မြတ်တဲ့ အလှူလေးတစ်ခုကို ထပ်မံပြုလုပ် ပေးခဲ့ပါတယ်။ ဒါကတော့ ရှေ့ယခင် ဦးစိန်မာဒင်ရဲ့ စံပြသဘင်မှာ အနုပညာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ အသက်(၇၅)နှစ်အရွယ် ဂန္တဝင်မင်းသမီးကြီး လှိုင်သန်းသန်းမြင့်ဆီသို့ သွားရောက်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။
အိမ်အငှားနဲ့ နေထိုင်ရနေတဲ့ ဂန္တဝင်မင်းသမီးကြီး လှိုင်သန်းသန်းမြင့်ဟာ လက်ရှိမှာ ဆီးချိုဝေဒနာကိုခံစားနေရတာကြောင့် လူရွှင်တော် မိုးစက်က မီးဖိုချောင်သုံးအခြေခံစားသောက်ကုန်များနဲ့ ဆေးဖိုးအတွက် (၅၀၀၀၀)ကျပ်ကို လှူဒါန်းပေးရင်း ဂါဝရပြုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂန္တဝင်မင်းသမီးကြီး လှိုင်သန်းသန်းမြင့်ကို သွားရောက်လှူဒါန်းတာနဲ့ ပတ်သက်ပြီး လူရွှင်တော်မိုးစက်က သိမြင်ခဲ့တာလေးတွေကို ပြောပြထားခဲ့ပါတယ်။ ကဲ..ပရိသတ်ကြီးရေ ဝါရင့်အနုပညာရှင်တွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ လူရွှင်တော် မိုးစက်ကို ဒီထက်မက ကူညီလှူဒါန်းနိုင်အောင် ဆုတောင်းပေးပါဦးနော်...။
သတင်း အရင်းအမြစ်៖ Source - MoeSat fb account