သရုပ်ဆောင် ရီရီပွင့်ဖြူရဲ့ မိခင်ဟာ ကိုဗစ်ရောဂါကူးစက်ခံထားရတာကြောင့် ရီရီကိုယ်တိုင် ပြုစုပေးနေရတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က အမေ့ကို (၂၂) ရက်အနီးကပ်ပြုစုခဲ့ပေမယ့် COVID မကူးခဲ့တဲ့အကြောင်းလေးကို သူမရဲ့ လူမှုကွန်ယက်တွင် ဝေမျှထားတာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါကြီးကို အနီးကပ်ကြုံတွေ့ရတာ တကယ့်ကို ကြောက်စရာကောင်းပြီး သေမင်းနဲ့ စစ်ခင်းခဲ့ရတယ်ဆိုတာကိုလည်း နားလည်သွားတဲ့အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။ လက်ရှိအချိန်မှာတော့ မိခင်ဖြစ်သူ ပြန်လည်သက်သာလာပြီးအောက်ဆီဂျင်လည်း ဖြုတ်လို့ရသွားပြီဖြစ်တဲ့အကြောင်း ဝမ်းသာစွာဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။
ရီရီပွင့်ဖြူဟာ ကိုဗစ်ဒုတိယလှိုင်းတုန်းက Quarantine ဝင်ခဲ့ဖူးတာကြောင့် ဒီရောဂါကို ကာကွယ်ဖို့ အတွေ့အကြုံရှိဖူးပြီး မိခင်ဖြစ်သူကို အစွမ်းကုန် ပြုစုစောင့်ရှောက်ခဲ့တာ ဖြစ်ပါတယ်။ ရောဂါမကူးစက်အောင် နေထိုင်ခဲ့တဲ့ ပုံစံတွေကိုလည်း ပရိသတ်တွေ သိရှိစေဖို့ အခုလို ရေးသားဝေမျှပေးထားတာ ဖြစ်ပါတယ်။ အဓိက mask ၊ လက်အိတ်နဲ့ခေါင်းစွပ်တွေကို မနှမြောဘဲ များစွာအသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အိမ်သာကိုလည်း ခွဲသုံးခဲ့ပြီးပန်းကန်ခွက်ယောက်များကိုလည်း သက်သက်စီ အသုံးပြုခဲ့ပါတယ်။ ဈေးကဝယ်လာတဲ့ အသီးအရွက်၊အသားငါးတွေကို ရှာလကာရည်နဲ့ ရေရောပြီး စိမ်ဆေးပြီးမှသာ ချက်ပြုတ်တယ်လို့လည်း ပြောပြထားပါတယ်။
အဝတ်အစားတွေကိုလည်း dettol နဲ့ စိမ်လျှော်ပြီး ခေါင်းအုံးစွပ်၊အိပ်ရာခင်းနဲ့ စောင်တွေကိုလည်း ခဏခဏ လဲပေးရပါတယ်။ အမေ့အခန်းထဲဝင်တဲ့ အဝတ်အစားတွေကိုလည်း တစ်နေ့တစ်စုံသက်သက်ထားပြီး ကိုယ့်အခန်းထဲ ပြန်ဝင်တဲ့အခါ ရေချိုးအဝတ်အစားလဲပြီးမှ အိပ်ရာပေါ်တက်ကြောင်း ဝေမျှရေးသားထားပါတယ်။ ဒီလိုဆောင်ရွက်ရတာဟာ အလုပ်ရှုပ်ပေမယ့် ရောဂါကူးစက်ခံရခြင်းမှ ကင်းဝေးခဲ့ပါတယ်။ ကိုဗစ်ရောဂါခံစားနေရသူတွေနဲ့ ပြုစုနေသူများ အားမလျော့ကြဘဲ အားအင်အပြည့်နဲ့ တိုက်ထုတ်ဖို့ လိုအပ်ပါတယ်။ ပြည်သူတွေအားလုံး ကပ်ဆိုးကြီးဘေးမှ ကင်းလွတ်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Yi Yi Pwint Phyu’s Facebook Account