မနေ့ညက လူမှုကွန်ယက်စာမျက်နှာတွင် သရုပ်ဆောင် နေအောင်ကွယ်လွန်သွားပြီဆိုတဲ့ သတင်း တက်လာပါတယ်။ ဒီသတင်းကြောင့် အနုပညာရှင်တော်တော်များများနဲ့ ဦးနေအောင်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တစ်ချို့က စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ ဒီသတင်းတက်လာပြီး မကြာခင်မှာလည်း ဦးနေအောင်ကွယ်လွန်သွားပြီဆိုတာဟာ သတင်းအမှားသာဖြစ်ကြောင်းကိုလည်း ကာယကံရှင်ကို ဖုန်းဆက်မေးပြီး အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
ဒီသတင်းကို စတင်ဝေမျှခဲ့သူမှာ သရုပ်ဆောင် ဦးဝင်းမြိုင်ဖြစ်ပြီး အခုလို တင်မိခဲ့ရတဲ့အကြောင်းအရင်းကိုလည်းရှင်းပြထားပါတယ်။ တကယ်ကွယ်လွန်သွားသူမှာ ဒါရိုက်တာ နေဒေါင်းဖြစ်ပြီး ဦးဝင်းမြိုင်အနေနဲ့ နားကြားမှားပြီးသရုပ်ဆောင် နေအောင်ကွယ်လွန်သွားတယ်လို့ အထင်မှားသွားခဲ့တာ ဖြစ်ပါတယ်။ သတင်းအမှားတင်ခဲ့မိတဲ့အတွက် ဦးနေအောင်ကိုလည်း အနူးအညွတ်တောင်းပန်စာရေးသားထားပါတယ်။
" သတင်းပို့သူက ဦးနေဒေါင်းကွယ်လွန်ကြောင်းပြောပြသည်ကို ဦးနေအောင် ဟုနားကြားလွဲ၍ ဦးနေအောင် ကွယ်လွန်ကြောင်းတင်လိုက်မိပါသည်။အမှန်တကယ်ကွယ်လွန်သူမှာ ဦးနေဒေါင်း ( ဇာတ်ညွှန်း )ဖြစ်ပါသည်။အစ်ကိုကြီးဦးနေအောင် အား အနူးအညွတ်တောင်းပန်အပ်ပါသည်။ “ ဆိုပြီး ဦးဝင်းမြိုင်ရဲ့ လူမှုကွန်ယက်တွင် ရေးသားထားတာ ဖြစ်ပါတယ်။ Facebook လူမှုကွန်ယက်ဟာ သတင်းပျံ့ဖို့ အရမ်းကို လွယ်ကူလွန်းပြီး ကောလဟလသတင်းများလည်း အမြဲလိုလို မြင်တွေ့ကြရမှာပါ။ ဒါ့ကြောင့် တိကျခိုင်လုံတဲ့ သတင်းများသာ အားလုံးသိရှိဖို့အတွက် ဝေမျှပေးသင့်ကြောင်း ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Win Myaing’s Facebook Account