ပြီးခဲ့တဲ့ဇွန်လ(၂၃)ရက်နေ့က လူငယ်ပရိသတ်တွေရဲ့အားပေးမှုကိုများစွာရရှိထားတဲ့ အဆိုတော်ရေမွန်တစ်ယောက် သူချစ်တဲ့ ဂီတနဲ့ သူချစ်ခင်ရတဲ့ ပရိသတ်တွေကို ထာဝရခွဲခွာနှုတ်ဆက်သွားခဲ့ပါတယ်။ တွက်ပီလို့ခင်မင်ရင်းနှီးသူတွေကခေါ်ကြတဲ့ ရေမွန်ဟာ အဖိုးတန်တဲ့လူငယ်အနုပညာရှင်ဖြစ်တာမို့ အနုပညာရှင်တွေများစွာနဲ့ ပရိသတ်တွေက ယူကျုံးမရဖြစ်ကာ ဝမ်းနည်းပူဆွေးနေကြပါတယ်။ ကံကြမ္မာရဲ့မျက်နှာမပေးမှုကြောင့် ရေမွန်ရဲ့ရုပ်အလောင်းကို ရန်ကုန်ပြန်မသယ်လာခဲ့ရဘဲ မြို့လေးတစ်မြို့မှာ မီးသဂြိုလ်ခဲ့ကြပါတယ်။



ပရိသတ်တွေကတော့ ရေမွန်အတွက် အမှတ်တရဖြစ်အောင် Raymond Tree ဆိုတဲ့ သစ်ပင်စိုက် ကမ်ပိန်းလေးကို ပြုလုပ်ပေးနေကြပါတယ်။ ယနေ့ ဇွန်လ(၂၉)ရက်နေ့ကတော့ အဆိုတော်ရေမွန်ရဲ့ ရက်လည်ဖြစ်ပြီး ခင်မင်ရတဲ့ အနုပညာရှင်တွေက စိတ်မကောင်းခြင်းတွေများစွာနဲ့ သူနေထိုင်ခဲ့တဲ့ရန်ကုန်ကနေအိမ်ဆီ လာရောက်ခဲ့ကြပါတယ်။ဝေလာရီကတော့ ရေမွန်ရဲ့ ရက်လည်လေးကိုသွားရောက်ရင်း ပိုင်ရှင်မဲ့သွားတဲ့ အခန်းထဲက အမှတ်တရပစ္စည်းလေးတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်ဝမ်းနည်းနေခဲ့ပါတယ်။



ဝေလာရီကတော့ " ဒီနေ့ ရောက်ခဲ့တယ် ဘယ်နေရာ ရောက်ရောက် ကိုကြီး သီချင်းတွေပဲ ဖွင့်နေကြတယ် ကိုကြီး ကောင်းမွန်ရာမှာ ငြိမ်းချမ်းစွာ အနားယူပါတော့နော် နောက်ဆုံးခရီး လိုက်မပို့နိုင်ခဲ့ပေမယ့် ရက်လည်တော့ ရောက်ခဲ့တယ် " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ အရည်အချင်းပြည့်ဝပြီး သီချင်းကောင်းလေးတွေများစွာနဲ့ ပရိသတ်တွေကို ဖျော်ဖြေပေးခဲ့တဲ့ အဆိုတော်ရေမွန်တစ်ယောက် ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Source :Wai Lar Ri ' s Facebook Acc

