ဂီတအရည်အသွေးပြည့်ဝတဲ့ အဆိုတော်ရေမွန်ရဲ့သေဆုံးမှုကြောင့် အားလုံးစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ အားလုံးကိုယ်စီစိတ်မကောင်းဖြစ်ရတဲ့အကြောင်းကို ဖွင့်ဟခဲ့ပြီးနောက် ထားထက်ထက်ကလည်း သူမနဲ့ရေမွန်တို့နှစ်ယောက်ကြားက အမှတ်တရတွေကို ပြောပြပြီး အရည်အချင်းရှိသူတစ်ယောက်ဆုံးရှုံးရခြင်းကြောင့် ဝမ်းနည်းရကြောင်း ပြောပြလာခဲ့ပါတယ်။ စစ်အာဏာရှင်ကိုတော်လှန်ကြဖို့ တောထဲမှာ ဒုက္ခခံခဲ့ရတဲ့ဘဝတူသူမို့ အပြန်အလှန် နားလည်စာနာပြီး ဝမ်းနည်းရမှာအသေအချာပါပဲ။
သူမတို့နှစ်ယောက်ကြားက အမှတ်တရကို " တော်လှန်ရေး ရဲဘော်ရဲဘက် အကိုရေမွန်သို့ မမြင်နိုင် မကြားနိုင်တော့ပေမယ့် လေးစားဂုဏ်ပြုပါရစေ အကို့အမေဆီမှာ သီချင်းဆို သင်တန်းတက်ရင်း အကို့ကိုသိခဲ့ပါတယ်။ အကို့သီချင်းတွေနားထောင်ဖြစ်ပါတယ်။ အကို့ အနုပညာကိုကြိုက်ခဲ့ပါတယ်။ နောက်ပိုင်း We Love Yangon မှာ ပရဟိတ လုပ်ရင်း ထပ်ဆုံကြတဲ့အခါ အရင်လိုပဲ ဖော်ရွေဖြူစင်တဲ့ အပြုံးနဲ့ အကို့ကောင်မလေး ကေကေနဲ့အတူတူ အကို့အနုပညာနဲ့ ပရဟိတလုပ်နေသူတွေကို အားပေးရင်း သီချင်းတွေနဲ့ ဖျော်ဖြေပေးတဲ့ အကို တော်လှန်ရေးအတွက် အကိုလွတ်မြောက်နယ်မြေကိုရောက်နေတာ သိခဲ့ရပြန်တော့လဲ လေးစားရပါတယ်။ အခုလို ဆုံးရှုံးလိုက်ရတာကိုလဲ တော်တော်စိတ်မကောင်း ဖြစ်ရပါတယ် အကို အစားအသောက် ၊ အနေအထိုင်ဆင်းရဲပြီး ငှက်ဖျားပိုးကြောင့်ဖြစ်ဖြစ်၊ အစာအိမ် သွေးကြောပေါက်တာကြောင့်ဖြစ်ဖြစ် အသက်ဆုံးရှုံးရလို့ ဝမ်းနည်းရပါတယ် " ဆိုပြီး ပြောပြလာခဲ့ပါတယ်။
ဒီနောက်မှာလည်း " ပိုပြီးဝမ်းနည်းရတာက တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီး ပြင်ဆင်နေတဲ့ ရဲဘော်တစ်ယောက်ဟာ အသက်ဆုံးရှုံးနိုင်တယ်ဆိုတာ သိသိကြီးနဲ့ ဒီအထိရောက်လာ ၊ တိုက်ခိုက်ရေး ပညာတွေသင်ပြီးမှ အဆင်သင့်မဖြစ်ခင်၊ မတရားမှုအတွက် စစ်ကောင်စီကို ပြန်ပြီးမတိုက်ရခင်မှာ ဆုံးရှုံးသွားရတာကို ပိုနှမြောတသဖြစ်ရတယ် ကိုရေမွန်လဲ ဒီအတိုင်းပဲ စိတ်ထဲရှိနေမယ်လို့ ကျွန်မထင်တယ် ကျဆုံးခဲ့ပြီးသော ရဲဘော်ကို ကျွန်မကတိပေးပါတယ်။ ကျွန်မတို့ အခုထက်ပိုပြီး ကြိုးစားပါမယ်။ အခုထက် ပိုပြီး အားစိုက်ပါမယ်။ အခုထက်ပိုပြီး တန်ဖိုးရှိတဲ့အသက်တွေ မဆုံးရှုံးရအောင် ၊ ရဲဘော်တွေအားလုံး တိုက်ပွဲအတွက် ချပ်ဝတ်တန်ဆာ အဆင်သင့်ဖြစ်အောင် ၊ ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဌကနေပါဝင်ပါ့မယ်။ မြင့်မြတ်သောဘုံဘဝမှာ အနုပညာနဲ့ငြိမ်းချမ်းပါစေ ? " ဟုဆိုတာ ပြတ်သားတဲ့ကတိတွေ ပေးခဲ့ပါသေးတယ်။
သတင်း အရင်းအမြစ်៖ Htar Htet Htet's FB Acc