သရုပ်ဆောင် ဘေဘီမောင်ကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ရပ်တည်အောင်မြင်နေတဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာ အလုပ်အပြင် ကိုယ်ပိုင်ဆိုင်လေးလည်း ဖွင့်ထားကာ မိဘကို ရှာဖွေကျွေးမွေး ပြုစုနေတဲ့ သမီး အလိမ္မာလေး ဖြစ်တာကြောင့် ပရိသတ်တွေကတော့ လေးစား ချစ်ခင်နေရတာပါ ။မိသားစုကိုလည်း အကောင်းမွန်ဆုံး ထားနိုင်အောင် အလုပ်တွေကြိုးစားသလို အလှူအတန်းဆိုလည်း လက်မနှေးခဲ့သူတစ်ယောက်ပါ ။


ဒါ့အပြင် လတ်တလော နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘေဘီမောင်က ပြည်သူတွေနဲ့အတူ အပြည့်အဝ ရပ်တည်ခဲ့သူ တစ်ယောက်ပါ ။ မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်အောင်လည်း မြတ်စွာဘုရားထံတွင် မေတ္တာပို့ ဆုတောင်းမှုတွေကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ ဒီရက်ပိုင်းမှာ ဆိုရင်လည်း တောက်လျှောက် တရားစခန်းဝင်ကာ ကောင်းမှု ကုသိုလ်တွေ များစွာ ပြုလုပ်နေတာလည်းတွေ့ရပါတယ်။


ဒီနေ့မှာတော့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ လူတိုင်းရဲ့ စိတ်အလိုကျအတိုင်း နေနိုင်ဖို့မလွယ်ကြောင်းကို ရင်ဖွင့် ပြောကြားလာပါတယ်။ " လူတွေ အလိုကျအတိုင်း လိုက်လုပ်မနေနဲ့၊လမ်းပျောက်သွားလိမ့်မယ်။ လူတွေဝေဖန်တိုင်းလည်း လိုက်ခံစားမနေနဲ့၊ စိတ်ညစ်ရလိမ့်မယ်။ လူတွေကဲ့ရဲ့တိုင်းလည်း ဒေါသထွက်မနေနဲ့၊ စိတ်ပူလောင်ရလိမ့်မယ် လူတွေ အကောင်းမမြင်တိုင်းလည်း အားငယ်မနေပါနဲ့၊ စိတ်ဓာတ်ကျတတ်တယ်။ လူတွေမလိုအပ်ဘဲ ဘာမှ ပေးချင်မနေပါနဲ့၊ တန်ဖိုးကျတတ်တယ်။ လူတွေရဲ့အမှိုက်တစ်စလို စွန့်ပစ်ခံရလည်း အထီးကျန်တယ်လို့ တွေးမနေပါနဲ့၊ ဘဝအမှောင် ကျတတ်တယ်။ လူတိုင်းက မင်းနဲ့ အတွေး မတူနိုင်ဘူး၊ လူတိုင်းက မင်း စိတ်ချမ်းသာအောင် လုပ်ပေးနေမှာ မဟုတ်ဘူး၊ လူတိုင်းက မင်းကို ကိုယ်ချင်းစာပေးနေမှာ မဟုတ်ဘူး။ လူတိုင်းက မင်းကိုစိတ်ဝင်စားနေကြမှာ မဟုတ်ဘူး။ လူတိုင်းကြိုက်အောင် မင်းနေနိုင်မှာ မဟုတ်ဘူး။ လူတိုင်းရဲ့ နှလုံးသားထဲမှာလည်း မင်း နေရာ မယူနိုင်ဘူး။ မင်းဘဝကို မင်းပိုင်တယ်၊ မင်း အတွေးတွေကို မင်းပဲ ထိန်းချုပ်ပါ၊ မင်း လျှောက်မယ့်လမ်းကို မင်းပဲ ရွေးချယ်ပါ။ မင်းကိုယ်မင်း ယုံကြည်မှု ရှိပါ။ မင်း စိတ်တွေ ပျော်အောင် လုပ်နိုင်တာ မင်းပဲ ရှိတယ်၊ ဒါကြောင့် မင်းအနာဂတ်ကို မင်းကိုယ်တိုင်ပဲ ပုံဖော်ထုဆစ်ပါ။" ဆိုတဲ့ အကြောင်းလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

