HYBE အေဂျင်စီဘက်ကနေ မကြာသေးမီက Park Bo Gum နဲ့ ပတ်သက်ပြီး ထွက်ရှိလာခဲ့တဲ့ သတင်းတွေကိုအပြင်းအထန် ငြင်းဆိုခဲ့ပါတယ်။

ထွက်ရှိလာခဲ့တဲ့ သတင်းတွေထဲမှာ Park Bo Gum က အေဂျင်စီအသစ်ဖြစ်တဲ့ HYBE နဲ့ စာချုပ်ချုပ်ဖို့စကားပြောနေတယ်လို့ ပါရှိပါတယ်။

သတင်းထွက်ရှိပြီး မကြာခင်မှာပဲ HYBE ဘက်ကနေ မင်းသား Park Bo Gum နဲ့ ပတ်သက်ပြီး ထွက်ရှိတဲ့သတင်းတွေက မမှန်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

တောင်ကိုရီးယားမင်းသား Park Bo Gum ဟာဆိုရင် နှစ်ကာလကြာရှည်စွာ လက်တွဲခဲ့တဲ့ Blossom Entertainment နဲ့ ဒီဇင်ဘာလ ၂၀၂၂ ခုနှစ်တုန်းက လမ်းခွဲခဲ့တာဖြစ်ပြီး လက်ရှိမှာ အေဂျင်စီ ကင်းလွတ်နေတဲ့သူဖြစ် ပါတယ်။

Blossom Entertainment အေဂျင်စီနဲ့ လမ်းခွဲပြီးမကြာခင်မှာပဲ Park Bo Gum က YG Entertainment အပါအဝင်အေဂျင်စီတွေဘက်ကနေ များပြားလှတဲ့ ကမ်းလှမ်းချက်တွေရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း YG Entertainment က အဆိုပါသတင်းကို ချက်ချင်းဆိုသလို ငြင်းဆန်ခဲ့ပါတယ်။ နာမည်ကြီး အေဂျင်စီနှစ်ခုကနေ သတင်းတွေကို ငြင်းဆန်ခဲ့တဲ့ အတွက် ပရိသတ်တွေက Park Bo Gum အတွက် များစွာ စိတ်မကောင်းဖြစ်နေကြပါတယ်။

လက်ရှိမှာ တောင်ကိုရီးယားမင်းသား Park Bo Gum က Wonderland ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားပြီးများပြားလှတဲ့ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိနေပါတယ်။