ကယ်လီဖိုးနီးယားပြည်နယ်ခရိုင်တရားရုံးမှာ တင်သွင်းတဲ့အမှုတွဲတွေအရ နာမည်ကြီးပေါ့ပ်အဆိုတော်တစ်ဦးဖြစ်သူ Dua Lipa ဟာသူ့ပုံကိုသူ Instagram မှာပြန်တင်ခဲ့တာကြောင့် တရားစွဲခံခဲ့ရပါတယ်။သူ့ပုံတွေဆိုပေမဲ့ သူရိုက်ထားတဲ့ပုံ၊သူနဲ့သက်ဆိုင်သူတစ်ယောက်ယောက်က ရိုက်ပေးထားတဲ့ပုံမဟုတ်ပဲ ပါပါရာဇီတစ်ယောက်ရိုက်ထားတဲ့ပုံဖြစ်နေတာကြောင့် ဓာတ်ပုံပိုင်ရှင်ကတရားစွဲလိုက်တာပါ။

တရားလိုကတော့ Robert Barbera ဆိုတဲ့နယူးယောက်အခြေစိုက် ပါပါရာဇီတစ်ဦးဖြစ်ပါတယ်။Dua Lipa တင်ခဲ့တဲ့ပုံတွေက ၂၀၁၈ ခုနှစ်တုန်းက သူရိုက်ကူးခဲ့တဲ့ပုံတွေပါတဲ့။ခုတော့ အဲ့ပုံတွေလည်း Dua Lipa ရဲ့ IG ပေါ်မှာမရှိတော့ပါဘူး။အမှုတွဲအရ သူမဆွယ်တာအနက်ရောင်လေးတစ်ခု ဝတ်ဆင်ထားတဲ့ပုံဖြစ်တယ်လို့သိရပြီး “ခွင့်ပြုချက်မရပဲနဲ့ တရားခံဟာ Plaintiff မူပိုင်ခွင့်ရထားတဲ့ပုံတွေကို ရွေးချယ်၊ကူးယူသိမ်းဆည်းပြီး အများပြည်သူကိုပြသခဲ့တယ်”လို့တရားလိုရဲ့ရှေ့နေကရေးသားထားပါတယ်။

Barbera ဟာ Dua Lipa နဲ့ရုံးရောက်ဂတ်ရောက်မဟုတ်ပဲ ဖြေရှင်းဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်တာကြောင့် ဒီလိုတရားစွဲခဲ့ရတာလို့ ပြောခဲ့ပါတယ်။Dua Lipa ကိုနစ်နာကြေး၊နောက်နောင် သူ့ရဲ့ပရောဂျက်တွေကို ယူမသုံးဖို့၊အမှုစရိတ်တွေနဲ့ အမှုပြင်ဆင်ခဲ့ရတဲ့စရိတ်တွေကိုပါ တောင်းခံထားပါတယ်။

Barbera ဟာသူ့ကိုသာ တရားစွဲဖူးတာမဟုတ်ပဲ အရင်တုန်းကလည်း Ariana Grande နဲ့ Justin Bieber တို့ကို သူတို့ပုံတွေပြန်ယူသုံးခဲ့တာကြောင့် တရားစွဲခဲ့ဖူးပါတယ်။စွဲရတဲ့အကြောင်းရင်းကတော့ အနုပညာရှင်တွေဟာ သူတို့ရဲ့သီချင်းတွေ၊ပရောဂျက်တွေကို Social Media တွေကနေတဆင့် Promote လုပ်ကြတာကြောင့် စီးပွားရေးအရအသုံးပြုသလိုဖြစ်ပြီး ဈေးကွက်ကိုဖျက်ဆီးရာရောက်တာကြောင့်ပါတဲ့။

Dua Lipa ကလည်းခုတစ်ခေါက်ဒီလိုမျိုးနဲ့ ပထမဆုံးတရားစွဲခံရတာမဟုတ်ပါဘူး။အရင်တုန်းကလည်း Intergal Image ဆိုတဲ့ ကုမ္ပဏီတစ်ခုက သူတို့ရိုက်ထားတဲ့ပုံကိုယူသုံးလို့ဆိုပြီး တရားစွဲခဲ့ပါသေးတယ်။