ဆယ်လီနာဂိုးမက်ဇ်ဟာ ဟိုးငယ်ငယ်ကလေးဘဝထဲကတောက်လျှောက် ပရိသတ်တွေရှေ့မှာ အနုပညာလမ်းကို လျှောက်လှမ်းနေသူပါ။သူမရဲ့အနုပညာသက်တမ်းတလျှောက် ထုတ်ခဲ့တဲ့ သီချင်းအယ်လ်ဘမ်တွေလည်းအများကြီးရှိပြီး အယ်လ်ဘမ်အားလုံးနီးပါးရဲ့ ကာဗာတွေက အရမ်းလှပတဲ့အပြင် အနုပညာဆန်ပေမဲ့ ဆက်စီကျလွန်းတဲ့ ကာဗာတစ်ခုကြောင့် သူရှက်နေမိပါတယ်တဲ့။

ဒီအကြောင်းကိုတော့ သူအပါအဝင် တခြားအမျိုးသမီးငါးယောက်နဲ့ Hollywood Reporter ကပြုလုပ်တဲ့ စကားဝိုင်းမှာထုတ်ပြောခဲ့တာဖြစ်ပါတယ်။စကားဝိုင်းထဲကတစ်ယောက်က “ဆယ်လီနာဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံခဲ့ရပေမဲ့ အဲ့ဒါတွေကိုလက်မခံပဲ ကိုယ်ပိုင်စတိုင်နဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကို ရှာတွေ့ခဲ့တယ်နော်။သူတို့ကမင်းကို စနစ်တစ်ခုထဲကိုပစ်ထည့်လိုက်ပြီး ဒါမင်းလုပ်ရမယ့်ပုံစံပဲဆိုပြီး ခံစားရအောင်လုပ်မယ်။အထူးသဖြင့် မင်းကိုလူတွေကချီးကျူးနေပြီး ကြိုက်နေကြတဲ့အချိန်မှာပေါ့။လူကြိုက်များတာကို လက်လွှတ်ရတာခက်ခဲတယ်လေ၊ဒါပေမဲ့ငါလည်း မင်းလိုပဲလုပ်မှာပါ”လို့ပြောခဲ့တာပါ။

ဆယ်လီနာကအဲ့ဒီစကားကိုထောက်ခံခဲ့ပြီး “အဲ့ဒါကတကယ်မတရားဘူး။ကျွန်မလည်း အယ်လ်ဘမ်ကာဗာတစ်ခုလုပ်ခဲ့ပြီးမှ အခုပြန်ရှက်နေမိတယ်။ကာဗာပုံကဖြစ်သင့်တာထက်ပိုပြီး အဓိပ္ပါယ်နက်နက်ရှိုင်းရှိုင်းပိုနေလို့ အဲ့ဒီခံစားချက်တွေကို သေချာဆန်းစစ်ခဲ့ရတယ်။အဲ့ဒါကိုရွေးချယ်ချိန်တုန်းကလည်း ကျွန်မမပျော်နေခဲ့ပါဘူး။ဒါပေမဲ့ ကျွန်မအကောင်းဆုံးကိုလုပ်ခဲ့တယ်လို့ထင်တယ်။အနည်းဆုံးတော့ အကောင်းဆုံးကြိုးစားခဲ့တယ်ပေါ့”လို့ပြန်ပြောခဲ့ပါတယ်။

သူမကတော့ စကားဝိုင်းထဲမှာ ဘယ်အဘ်လ်ဘမ်လဲဆိုတာထုတ်မပြောခဲ့ပေမဲ့ ၂၀၁၆ တုန်းကထုတ်ခဲ့တဲ့ Revival အဘ်လ်ဘမ်ကိုပြောတာဖြစ်နိုင်တယ်လို့ ပရိသတ်တွေကခန့်မှန်းထားကြပါတယ်။အဲ့ဒီပုံထဲမှာဆိုရင် သူမမှာအင်္ကျီမပါပဲ ဆက်ဆီဆန်ဆန်ရိုက်ကူးထားတာပါ။
ထပ်ပြီးတော့လည်း “ဆက်ဆီကျတာကို မုန်းတာတော့မဟုတ်ပါဘူး။တခါတလေကျရင်လည်း ဆက်ဆီကျရတာကို သဘောကျတယ်။ဒါပေမဲ့ ဘယ်သူ့အတွက်မှမဟုတ်ပဲ ကိုယ့်အတွက်ကိုယ်ပဲ ဆက်ဆီကျချင်တာပါ”လို့ပြောခဲ့ပါသေးတယ်။