ပြီးခဲ့တဲ့အပတ်က ဂျက်စတင်ဘီဘာ မျက်နှာတခြမ်း လေဖြတ်သွားခဲ့တာကို အားလုံးပဲသိပြီးကြမှာပါ။ အသက် ၂၈နှစ်အရွယ် နာမည်ကျော်အဆိုတော် ဂျက်စတင်ဘီဘာဟာ Ramsay Hunt Syndrome လို့ခေါ်တဲ့ နား နဲ့ မျက်နှာ ကိုတိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ကြောင့် မျက်နှာတခြမ်း လေဖြတ်ခဲ့ပါတယ်။ ဂျက်စတင်ဘီဘာဟာ သူ့ရဲ့ Instagram ကနေတဆင့် ပရိတ်သတ်တွေကို အသိပေးခဲ့ပြီး အမြန်ဆုံးသက်သာအောင် မျက်နှာလေ့ကျင့်ခန်း တွေလုပ်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အခုဆိုရင်တော့ ဂျက်စတင်ဘီဘာရဲ့ ဇနီးဖြစ်သူ ဟေးလေးဘီဘာက သူ့ယောကျာ်းရဲ့ ကျန်းမာရေးအခြေအနေ နဲ့ပတ်သတ်ပြီး နောက်ဆုံး အခြေအနေတွေကို ပြောပြပါတယ်။ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဟေးလေးဘီဘာဟာ ပွဲတစ်ခုမှာ ဂျက်စတင်ဘီဘာရဲ့ အခြေအနေနဲ့ပတ်သတ်ပြီး "သူ ကျန်းမာရေး ကောင်းလာပါပြီ၊ နေ့တိုင်းနေ့တိုင်း သူ့ကျန်းမာရေးက အကောင်းဘက်ကိုပဲ ဦးတည်နေပါတယ်၊ ဒါဟာ အတော်လေးကိုကြောက်စရာကောင်းပြီး ဖြစ်တောင့်ဖြစ်ခဲ ရောဂါပါ၊ ဘာပဲဖြစ်ဖြစ် သူအဆင်ပြေလာလို့ ကျမ ၀မ်းသာပါတယ်" လို့ ပြောပြခဲ့ပါတယ်။

ဟေးလေးဘီဘာကလည်း ဒီနှစ်အစောပိုင်းမှာ သူကိုယ်တိုင် အသေးစားလေဖြတ်မှုတစ်ခု နဲ့ကြုံခဲ့ရကြောင်းနဲ့ သူ့အနေနဲ့ လေ့ကျင့်ခန်း ကောင်းမွန်စွာလုပ်ခဲ့တာကြောင့် အခုဆိုလုံးဝသက်သာ လာပါပြီ လို့ သူ့ကျန်းမာရေးအခြေအနေ နဲ့ပတ်သတ်ပြီး ဖွင့်ပြောခဲ့ပါတယ်။ ဂျက်စတင်ဘီဘာနဲ့ ဟေးလေးဘီဘာတို့ဟာ ၂၀၁၈ ခုနှစ်မှာလက်ထပ်ခဲ့ကြပါတယ်။

"လူသိရှင်ကြား ထုတ်ပြောရတာတကယ်တော့ မလွယ်ပါဘူး၊ ဒါပေမယ့် ဒီလိုပြောမှ ဘာတွေဖြစ်နေလဲဆိုတာ ပရိတ်သတ်တွေနားလည်မှာပါ၊ ပြီးတော့ အခုအချိန်တွေက ကျမတို့ ၂ယောက်ကိုပိုပြီး နီးစပ်စေတဲ့အချိန်တွေမှာ၊ အခက်အခဲတွေကို အတူဖြတ်ကျော်ရင်း တယောက်နဲ့တယောက် ဖေးမကူညီနေကြပါတယ်" လို့ ဟေးလေးက ဆက်ပြီး ပြောပြခဲ့ပါတယ်။

ဂျက်စတင်ဘီဘာ အနေနဲ့ကတော့ သူ့ရဲ့လက်ရှိကျန်းမာရေး အခြေအနေကြောင့် ပွဲတွေမတက်နိုင်တာကို ပရိတ်သတ်တွေနားလည်ပေးဖို့ နဲ့ သူ့အနေနဲ့ အနုပညာအလုပ်တွေ လုပ်ဖို့မွေးလာတဲ့အတွက် သီချင်းတွေပြန်ဆိုနိုင်အောင် မဖြစ်ဖြစ်တဲ့ နည်းနဲ့ပြန်လာပါမယ် လို့ ပြောထားပါတယ်။ ဂျက်စတင်ဘီဘာဟာ ဆိုရင် သူ့ရဲ့ ကျန်းမာရေးကြောင့် ဒီလထဲ လုပ်မယ့် ပွဲတွေတော်တော်များများကို ဖျက်ထားရပါတယ်။
Photo-credit
သတင်း အရင်းအမြစ်៖ Fox News





