အရှေ့တောင်အာရှရှိ အကြီးဆုံးနဲ့ ရှေးအကျဆုံး သမိုင်းဝင် ဗုဒ္ဓဘာသာ ဘုရားကျောင်းကြီး တစ်ကျောင်းရှိပါတယ်။ အဲ့ရှေးအကျဆုံး ဘုရားကျောင်းကြီးကတော့ Muaro Jambi လို့ ခေါ်ပါတယ်။ Muaro Jambi ဗုဒ္ဓဘာသာ ဘုရားကျောင်းဟာ အင်ဒိုနီးရှားနိုင်ငံ ဂျမ်ဘီမြို့မှ အရှေ့ဘက် ၂၆ ကီလိုမီတာအကွာ ဆူမာတြားကျွန်းမှာ တည်ရှိတဲ့ ရှေးဟောင်း သမိုင်းဝင် ဘုရားကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ်။ ဒီ ဘုရားကျောင်းကို Melayu ဘုရင်ခေတ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီခေတ်က ကျန်ရှိနေသည့် ဘုရားကျောင်းများနှင့် အခြားရှေးဟောင်းသုတေသနဆိုင်ရာ ကြွင်းကျန်မှုများကို ခရစ်နှစ် ၇ ရာစုမှ ၁၃ ရာစုအထိရှိမယ်လို့ ပညာရှင်များက ခန့်မှန်းထားခဲ့ကြပါတယ်။


လက်ရှိ တူးဖော်ရရှိထားတဲ့ ရှေးဟောင်းသုတေသန နယ်မြေမှာ ဘုရားကျောင်း ၈ ခု ပါဝင်ပြီး ၁၂ စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းတဲ့ ဘုရားကျောင်းအပျက်အစီးများရဲ့ တောင်များပါရရှိထားခဲ့ပါတယ်။ ပျက်စီးနေတဲ့ ဘုရားကျောင်းတွေကိုလည်း ပြန်လည်မွမ်းမံခြင်းမပြုလုပ်ဘဲ မူလအတိုင်းထားရှိတယ်လို့ ဆိုပါတယ်။ ဒီဘုရားကျောင်းကတော့ အရှေ့တောင်အာရှရှိ အကြီးဆုံးနှင့် အကောင်းဆုံး ထိန်းသိမ်းထားတဲ့ ရှေးဟောင်းဘုရားကျောင်းများထဲမှ တစ်ခုဖြစ်ပါတယ်။


ဒီဘုရားကျောင်းတွေရှိတဲ့ ဆူမတြားကျွန်းဟာ အရင်က အိန္ဒိယ Chola နိုင်ငံတော်ရဲ့ အင်ပါယာဖြစ်ခဲ့ပါတယ်။ မြို့တော် Srivijaya မြို့တော်ကို တိုက်ခိုက်ဖျက်စီးတဲ့အခါမှာ မီလာယုနိုင်ငံတော် ပေါ်ပေါက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ဟာ ၁၀၂၅ ခုနှစ်က ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ထိုအချိန်တုန်းက ဆူမတြားနိုင်ငံငယ် အများအပြားဟာ နိုင်ငံရေးနှင့် စီးပွားရေး သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Muaro Jambi ဘုရားကျောင်း များပြားလှတဲ့ ရှေးဟောင်းသုတေသန အထောက်အထားများက အရင်က Melayu မြို့တော်ရဲ့ နေရာဖြစ်နိုင်တယ်လို့ သိရပါတယ်။







