ကမ္ဘာကြီးဟာ
သူ့ရဲ့ဝင်ရိုးပေါ်မှာ ၂၄ နာရီတစ်ကြိမ်
တစ်ပတ်ပြည့်အောင်လည်ပါတယ်။ဒီလိုလည်ပတ်ခြင်းကြောင့်ပဲ ကမ္ဘာ့နေရာအသီးသီးမှာ နေ့တွေညတွေဖြစ်ပေါ်လာပြီး
သက်ရှိတွေရှင်သန်နိုင်တဲ့အခြေအနေတွေဖြစ်လာပါတယ်။ကမ္ဘာကြီးအဖြစ်ပုံပေါ်နေတဲ့ ဖြစ်စဉ်အတွင်းမှာ
ဥက္ကာခဲတွေရဲ့ ဝင်ရောက်တိုက်ခိုက်မှုအားကြောင့် လည်ပတ်နေရင်း
ဖုန်တွေ၊ခဲတွေစုမိပြီး လက်ရှိကမ္ဘာကြီးဖြစ်ပေါ်လာတာပါ။

အာကာသထဲမှာ လည်ပတ်မှုကို တားဆီးနိုင်မဲ့ အားတစ်မျိုးမျိုးလည်းမရှိတာကြောင့် ခုချိန်ထိဆက်လက်လည်ပတ်နေပြီး နောင်လည်းနှစ်ပေါင်းသန်းနဲ့ချီ ဆက်လက်လည်ပတ်နေဦးမှာဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာကြီး သူ့ဝင်ရိုးပေါ်လည်ပတ်တာ ၅စက္ကန့်လောက် ရုတ်တရက်ရပ်တန့်သွားရင်ရော ဘာတွေဖြစ်လာနိုင်မလဲ။

ကမ္ဘာကြီးကရုတ်တရက်ရပ်တန့်သွားရင်တောင်မှပဲ ကမ္ဘာ့လေထုကတော့ ဆက်လက်ရွေ့လျှားနေဦးမှာကြောင့် အရှိန်အဟုန်ပြင်းတဲ့လေထုကြီးက ရုတ်တရက်တိုက်ခိုက်မှာဖြစ်ပြီး ကမ္ဘာပေါ်မှာရှိခဲ့ဖူးတဲ့ အကြမ်းဆုံးလေမုန်တိုင်းဆိုတာတွေထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်နိုင်ပါတယ်။

ကမ္ဘာလည်ပတ်တာအမြန်ဆုံးနေရာဖြစ်တဲ့ အီကွေတာမှာ လေတိုက်နှုန်းဟာ တစ်နာရီကို ၁၆၇၀ ကီလိုမီတာလောက်ရှိနိုင်ပါတယ်။အိမ်တွေပါလွင့်ထွက်သွားအောင် ဖျက်စီးပစ်နိုင်တဲ့ F5 တော်နေဒိုးမုန်တိုင်းဟာ တစ်နာရီကို ၅၁၁ ကီလိုမီတာနှုန်းလောက်ရှိတာကြောင့် ၁၆၇၀ ကီလိုမီတာဆို ကမ္ဘာ့မြေပြင်ပေါ ကွဲထွက်သွားနိုင်လောက်အောင် ပြင်းပါတယ်။

နောက်တစ်ခုကတော့ လူသားတွေအပါအဝင် ကမ္ဘာ့မျက်နှာပြင်ပေါ်မှာရှိနေသူတွေအကုန် အရှိန်ပြင်းပြင်းနဲ့လွင့်ထွက်ကုန်မှာပါ။ကားတစ်စီးရုတ်တရက်ဘရိတ်အုပ်လိုက်ရင် ကားပေါ်ကလူတွေ ယိုင်လဲသွားတတ်ကြတဲ့ အီနားရှားကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ ကမ္ဘာ့မြေဆွဲအားကနေလွတ်ပြီး အာကာသထဲထိရောက်နိုင်ဖို့ဆို တစ်နာရီကို ကီလိုမီတာလေးသောင်းထိသွားနိုင်တဲ့ အရှိန်လိုအပ်တာကြောင့် အာကာသထဲထိတော့လွင့်ထွက်သွားကြမှာမဟုတ်ပါဘူး။

ကမ္ဘာကြီးဟာလုံးပေမဲ့လုံးဝအပြည့်အစုံလုံးမနေပဲ လည်တဲ့အရှိန်ကြောင့် အီကွေတာနေရာမှာ နည်းနည်းလေးကားနေပါတယ်။တကယ်လို့လည်တာသာရပ်သွားရင် မူလအလုံးအတိုင်း ပြန်ဖြစ်သွားမှာကြောင့် အီကွေတာအနီးနားမှာရှိတဲ့ ရေတွေအားလုံးနီးပါးဟာ ဝင်ရိုးစွန်းတွေဆီ ရောက်သွားကြမှာပါ။

ဒါကြောင့် အရမ်းကြီးလွန်းတဲ့ဆူနာမီလှိုင်းကြီးတွေပါဖြစ်လာပြီး လမ်းကြောင်းတလျှောက်ရှိသမျှ အရာအားလုံးကိုတိုက်စားသွားမဲ့အပြင် ၅ စက္ကန့်ပြီးလို့ ကမ္ဘာပြန်လည်ရင်ရေတွေအားလုံးပြန်ကျပြီး ဆူနာမီလှိုင်းတွေနောက်တစ်ခေါက်ပြန်ပေါ်လာမှာဖြစ်ပါတယ်။ဒီအဖြစ်အပျက်တစ်ခုလုံးမှာ အလုံခြုံဆုံးလို့ယူဆရတဲ့နေရာတွေကတော့ တောင်နဲ့မြောက် ဝင်ရိုးစွန်းနှစ်ခုပါ။

ကံကောင်းစွာနဲ့ပဲ ကမ္ဘာကြီးဟာ နောက်နှစ်ပေါင်းများစွာအထိ ရပ်တန့်သွားမှာမျိုးမဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။ဒါပေမဲ့အဲ့ဒီ့မတိုင်ခင်မှာ တခြားကမ္ဘာပျက်ကိန်းတွေဖြစ်တဲ့ နေလုံးကြီးပေါက်ကွဲသွားတာတွေ၊ကမ္ဘာပေါ်ကအရင်းအမြစ်တွေကုန်သွားမှာက အရင်ဖြစ်ဦးမှာပါ။