လုပ်ငန်းခွင်မှာ ဖြစ်စေ ၊ အပေါင်းအသင်းများကြားမှာ ဖြစ်စေ မနာလိုစိတ်ရှိတတ်တဲ့သူတွေဟာ အမြဲပါလာတတ်ကြပါတယ်။
ဒီလိုပါလာတဲ့အခါ ဘယ်လိုဖြေရှင်းလေ့ရှိကြလဲ?
ဒီကနေ့မှာတော့ သင့်ရဲ့ True ဘော်ဒါက သူရှင်းနေကျ နည်းလမ်းလေး သင့်ကို ကပ်တိုးလေးပြောပြသွားမှာပါ။

(၁) သိသာသိစေ ၊ မမြင်စေနဲ့။
မနာလိုစိတ်ဟာ ယှဥ်ပြိုင်ခြင်းကိုအခြေခံတာဖြစ်လို့ သင့်မှာ သူ့ထက်သာလွန်ကောင်းမွန်တဲ့အရာတွေဖြစ်ပေါ်နေပြီဆိုရင် သင့်အနေနဲ့ သိပ်ပြီး ဖော်ထုတ်မပြသပါနဲ့။ သူ့ရဲ့ မနာလိုစိတ်ကပိုများလာပြီး သင့်ကိုအပူမီးဟပ်စေပါတယ်။

(၂) သူလာပြောသမျှကို အာရုံမစိုက်ပါနဲ့။
သင့်ကို မနာလိုနေတဲ့သူဟာ သင်ကျရှုံးရေးကို ဦးစားပေးတာမို့ သင့်ကို စိတ်မညစ်ညစ်အောင် အဆိုးဘက်ဦးတည်တဲ့ ကိစ္စရပ်တွေချည်းပြောလာပါလိမ့်မယ်။ ဒီလိုတွေပြောလာတဲ့အခါ သင့်အနေနဲ့ စိတ်တိုခြင်း ၊ မုန်းတီးခြင်းတွေ မဖြစ်ပေါ်ပဲ သူပြောသမျှကို ခေါင်းထဲကထုတ်ပစ်ပါ။

(၃) ကိုယ့်ပုံစံအတိုင်းသာ ကိုယ်နေပါ။
သင့်ရဲ့ ပြုမူပြောဆိုနေထိုင်ပုံတွေနဲ့ပတ်သက်လို့ မနာလိုသူတွေက သင့်ကို အများဆုံး လာပြောနေမှာဖြစ်ပါတယ်။ ဒီလိုတွေပြောခံရတဲ့အခါမှာ သိမ်ငယ်စိတ်ဝင်ပြီး ကိုယ့်ကိုယ်ကို ပြောင်းလဲလိုစိတ်တွေပေါ်လာနိုင်ပါတယ်။ လုံးဝမပြောင်းလဲပဲ ကိုယ့်ပုံစံအတိုင်းနဲ့သာနေပါ။ အချိန်တန်ရင်လက်လျှော့သွားပါလိမ့်မယ်။

(၄) သူ့ကိုအကောင်းမြင်စိတ်နဲ့ ပြုမူပြောဆိုပေးပါ။
သူ့ဘက်က ဘယ်လိုပဲတိုက်ခိုက်နေပါစေ သင်ကသူ့ကိုအကောင်းဆုံးပြန်ဆက်ဆံမယ်ဆိုရင်တော့အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့အဆိုးမြင် မနာလိုစိတ်တွေဟာ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့်မို့ မနာလိုဖြစ်နေသူတွေကို အကောင်းမြင်စိတ်နဲ့ဆက်ဆံပေးပါ။

(၅) ရှောင်ထွက်ပါ။
ဘယ်လိုနေနေ အရမ်းကိုဆိုးရွားနေပြီဆိုရင်တော့ သင်ကပဲ သူ့ကို ရှောင်လိုက်ပါတော့။ ဒါဟာ သင့်ရဲ့ စိတ်အတွက်အရမ်းကိုကောင်းမွန်စေနိုင်မှာဖြစ်လို့ ရှောင်ထွက်တာဟာ အကောင်းဆုံးပါပဲ။
ဒီတော့ ပတ်ဝန်းကျင်က မနာလိုဖြစ်နေသူတွေကို ဒီနည်းလေးနဲ့ အပြတ်သာရှင်းထုတ်လိုက်တော့နော်။





