မြန်မာလူမျိုးတွေအများစုက သင်္ကြန်ကာလမှာ အလှူအတန်း စတုဒီတာတွေ လုပ်ကြတာများပါတယ်။ သင်္ကြန်ကာလ အလှူအတန်းတွေမှာ ကျွေးလေ့ကျွေးထရှိတဲ့ မြန်မာ့ ရိုးရာမုန့်လေးတွေက အုန်းသမီး ဖွးဖွေးလေးနဲ့ အရမ်းစားလို့ကောင်းပါတယ်။ စားလို့အရမ်းကောင်းတဲ့ မြန်မာ့ရိုးရာ သင်္ကြန်မုန့်လေးတွေ အကြောင်းကို ဗဟုသုတရဖွယ် ဖော်ပြပေးလိုက်ပါတယ်။
မုန့်လုံးရေပေါ်

မုန့်လုံးရေပေါ်က ဆန်မှုန့်နဲ့ကောက်ညှင်းမှုန့်လေးကို ရောနယ်ပြီး အလုံးလေးတွေပြုလုပ်ကာ ရေနွေးဆူဆူထဲမှာ ထည့်ပြီး ပြုတ်ရတာ ဖြစ်ပါတယ်။ မုန့်လုံးရေပေါ် အထဲမှာ ထန်းလျက်ခဲလေးတွေ အစာသွပ်ထားပြီး ကျက်သွားပါက ဆယ်ကာ အုန်းသီးဖွေးဖွေးလေးနဲ့ တွဲပြီးစားရတာ ဖြစ်ပါတယ်။ သူ့ရဲ့ အရသာလေးက ချိုချို အိအိ စိမ့်စိမ့်လေးနဲ့ စားလို့ အရမ်းကောင်းပါတယ်။ မြန်မာ လူမျိုးတွေက သင်္ကြန်တွင်းမှာ မုန့်လုံးရေပေါ်ကို စတုဒီတာလေးအဖြစ်လည်း ကျွေးမွေးလှူဒါန်းကြပါတယ်။
မုန့်ကြာစိသာကူ

မုန့်ကြာစိသာကူလေးကလည်း ချိုချိုအိအိလေးနဲ့ စားလို့အရမ်းကောင်းတဲ့ မြန်မာ့ရိုးရာမုန့်လေးဖြစ်ပါတယ်။ မုန့်ကြာစိက ကောက်ညှင်းနဲ့ဆန်လုံးထားတဲ့ အလုံးသေးသေးလေးတွေကို ထန်းလျက်ရေ အရည်လေးထဲမှာ ထည့်ပြီးစားရတာဖြစ်ပါတယ်။ မုန့်ကြာစိနဲ့ထန်းလျက်ရေ ရော ထားတာလေးကို အပေါ်က အုန်းသီးဖွေးဖွေးလေးဖြူးပြီး စားလိုက်ရရင် ဆွေမျိုးပါမေ့သွားလောက်အောင် ကောင်းလွန်းလှပါတယ်။
ရွှေရင်အေး

အုန်းနို့ထဲမှာ ပေါင်မုန့်ချပ်ကလေးရယ် ကောက်ညှင်းလေးရယ် ကျောက်ကျောလေးရယ် ထည့်ပြီးစားရတဲ့ ရွှေရည်အေးလေးကလည်း မြန်မာ့ရိုးရာ သင်္ကြန်မုန့်လေးတွေထဲမှာ နာမည်ကြီးတဲ့ စားစရာလေးဖြစ်ပါတယ်။ ရေပတ်ခံပြီး နေပူပူထဲမှာ ဗိုက်ဆာဆာနဲ့ ရွှေရင်အေး အေးအေးလေးကို စားရလိုက်ရရင် ရင်ထဲကို လုံးဝ အေးမြသွားစေမှာ ဖြစ်ပါတယ်။
ထန်းညက်ရည်မုန့်လက်ဆောင်း

ထညက်ရည်မုန့်လက်ဆောင်းလေးကလည်း အုန်းလတ် မဏ္ဍပ်တွေမှာ စတုဒီတာ လုပ်ပေးနေကြ စားစရာလေးဖြစ်ပါတယ်။ ဆွမ်းမွှေး နဲ့ လုပ်ထားတဲ့ မုန့်လက်ဆောင်းဖက် စိမ်းစိမ်းလေးကို ထညက်ရည်ချိုချိုမဲမဲလေးနဲ့ စားလိုက်ရရင်တော့ တကယ်ကိုနတ်သုဒ္ဓါ အလားပဲဖြစ်ပါတယ်။
သာကူအုန်းနို့စမ်း

နူးအိနေအောင် ချက်ထားတဲ့ သာကူလေးပေါ်မှာ အုန်းနို့ဖြူဖြု စိမ့်စိမ့်လေး ဆမ်းစားရတဲ့ အရသာလေးကလည်း မြန်မာလူမျိုးတွေ အကြိုက်ပဲဖြစ်ပါတယ်။ သာကူအုန်းနို့စမ်းကလေးကလည်း မြန်မာလူမျိုးတွေ သင်္ကြန်ကာလမှာ စတုဒီသာ ကျွေးမွေးတဲ့ သင်္ကြန်ရိုးရာ စားစရာလေး ဖြစ်ပါတယ်။ အလုပ်မရှုပ်ဘဲ အရသာရှိရှိစားလို့ကောင်းတဲ့ မုန့်လေးဖြစ်လို့ သာကူူအုန်းနို့စမ်းလေးကို မစားဖူးရင် စားကြည့်သင့်ပါတယ်။
အခုဖော်ပြသွားတာလေးကတော့ မြန်မာလူမျိုးတွေ သင်္ကြန်ကာလမှာ စားလေးစားထရှိတဲ့ ရိုးရာမုန့် ၅ မျိုးပဲဖြစ်ပါတယ်။ အခြား သင်္ကြန်ကာလမှာ စားတဲ့ မုန့်မျိုးလေးတွေလည်း အများကြီးရှိပါသေးတယ်။ အလွယ်ဆုံးတဲ့ စားလေ့စားထ အရှိဆုံး မြန်မာ့ရိုးရာ မုန့်လေးတွေကို ဗဟုသုတ ရဖွယ် ဖော်ပြပေးလိုက်ပါတယ်။





