သီလရှင် ဝတ်ခြင်းသည် ဝတ်သူနှင့် ဝတ်သူ၏မိဘများ၌ အကျိုးကျေးဇူး ရှိပါတယ်။
ဗုဒ္ဓစာပေတွင်
၁။ ဥပသမ္ပဒ ပဗ္ဗဇ္ဇ
၂။ သာမဏေရ ပဗ္ဗဇ္ဇ
၃။ ဣသိ ပဗ္ဗဇ္ဇ
၄။ ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဟူ၍ ပဗ္ဗဇ္ဇ ၄-မျိုး ရှိပါတယ်။
ရဟန်းပြုခြင်း၊ သာမဏေပြုခြင်း၊ ရသေ့ပြုခြင်းနှင့်သီလရှင်ပြုခြင်းဟု ဆိုရပါမည်။သီလရှင်မှာ အမှတ် ၄-ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဖြစ်၍ မိန်းကလေးတဦးအနေဖြင့် မိမိ၏ အလှအပဗန်းတင်ပစ္စည်း ဖြစ်သော ဆံပင်ကို ရိတ်ပယ်လိုက်နိုင်ခြင်းပင် အလွန်ခံယဉ်းသော ကိစ္စဖြစ်၍ ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့ကို စွန့်လွှတ်သကဲ့သို့ နိက္ခမပါရမီ တစ်မျိုးပင် ဖြစ်ပါတယ်။

လူဝတ်ကြောင်းကိုပယ်၍ သီလရှင်ဝတ် ဖန်ရည်ဆိုးဝတ်ကို ဝတ်ကာ လူတို့ဆောက်တည်နိုင်ခဲ့သော ၈-ပါး ၉-ပါး ၁၀-ပါး သီလများကို နိစ္စ ဆောက်တည်နေနိုင်ခြင်း။ စာပေကျမ်းဂန် သင်အံနိုင်ခြင်း၊ တရားစာပေ လေ့လာခြင်း၊ သမထ ၀ိပဿနာ ဘာဝနာများကို ပွားများနေထိုင်ခြင်း စသည်ဖြင့် ဘုရားသာသနာကို ချီးမြှောက်နိုင်ခြင်းမှာ မိန်းမဘဝပင် ဖြစ်သော်လည်း အလွန်ရခဲသော ဒုလ္လဘတရားကို ရခြင်းဖြစ်၍ အထူးမြင့်မြတ်လှပါတယ်။

ဘဝပေါင်းများစွာက လင်ယူ သားမွေး လောကီရေး ကိစ္စများဖြင့်သာ အကုသိုလ်နယ်ပယ် ဒုဂ္ဂတိနယ်ပယ်တွင် ကျင်လည်ရာ ကျင်လည်ကြောင်း ကျင့်ကြံနေခဲ့ရာမှ ယခု ဘုရားသာသနာနှင့်တွေ့ခိုက်တွင် မဂ်ဖိုလ်ရရေးအသက်ပေး အားထုတ်ရခြင်း၊သာသနာနွယ်ဝင် ဖြစ်ခွင့်ရခြင်းတို့မှာ ဘဝ၏အနှစ်သာရ အစစ်ကို ရရှိမှာဖြစ်ပါတယ် ။

သမီးကို မိမိတို့ကိုယ်တိုင် ဘုရားသမီးတော်ဘဝသို့ပို့ဆောင်ပေးကြသော မိဘများမှာလည်း
သာသနာနုဂ္ဂဟ ကုသိုလ်ထူးကိုဆည်းပူးကြသူများပင်ဖြစ်၍ လွန်စွာ အကျိုးကြီးလှပေတယ်။