၂၀၂၆ ခုနှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ ၂၅% လောက်ဟာ အလုပ်လုပ်ဖို့၊စျေးဝယ်ဖို့၊ကျန်းမာရေးအတွက်၊ပညာရေးအတွက်နဲ့ ဖျော်ဖြေရေးတွေအတွက် အနည်းဆုံး တစ်ရက်ကိုတစ်နာရီလောက် Metaverse ထဲမှာအချိန်ကုန်ကြလိမ့်မယ်လို့ စူးစမ်းလေ့လာမူအသစ်တစ်ခုကနေ သိရှိရပါတယ်။
နည်းပညာစူးစမ်းလေ့လာရေးနဲ့ ဆွေးနွေးရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Gartner ကုမ္ပဏီဟာ Metaverse ထဲ Brand တွေဝင်ရောက်လာကြတာကို ကြိုတင်မှန်းဆခဲ့တာပါ။တချို့နာမည်ကြီး Brand တွေ၊တံဆိပ်တွေဟာ အသုံးပြုသူတွေ ပစ္စည်းတွေကို ဒစ်ဂျစ်တယ်ကမ္ဘာထဲမှာပါသုံးနိုင်ဖို့ ပြင်ဆင်နေကြပါပြီ။

အဲ့ဒီအသုံးပြုသူတွေဟာ သုံးဖက်မြင်ပုံရိပ်နဲ့ဒစ်ဂျစ်တယ်ကမ္ဘာကို ပိုလိုအပ်လာတာနဲ့အမျှ Metaverse ကိုတစ်ခုတည်းဖြစ်အောင်စုစည်းဖို့ Brand တွေဟာအတူတူတွဲပြီး အလုပ်လုပ်ကြရလိမ့်မယ်လို့ Gartner ရဲ့ဒုဥက္ကဌဖြစ်သူ Marty Resnick ကပြောပါတယ်။ “ဒစ်ဂျစ်တယ်ကျောင်းတွေတက်တာကစလို့ ဒစ်ဂျစ်တယ်မြေကွက်တွေဝယ်ပြီး အိမ်တွေဆောက်တဲ့အထိ လုပ်ဆောင်ချက်တွေဟာ မတူကွဲပြားတဲ့နေရာတစ်ခုစီမှာဖြစ်နေကြတယ်”လို့ Metaverse ကြီးကတစ်ခုတည်းမဖြစ်နေပုံကိုပြောပါတယ်။၂၀၂၆ ခုနှစ်လောက်မှာ တစ်ကမ္ဘာလုံးက အဖွဲ့အစည်းတွေရဲ့ ၃၀% လောက်ဟာ Metaverse ထဲမှာထုတ်ကုန်တွေနဲ့ ဝန်ဆောင်မူတွေရှိနေမယ်လို့ သူကယုံကြည်ပါတယ်တဲ့။

၂၀၂၆ ခုနှစ်မှာ Metaverse ဟာစျေးကွက်ထဲမှာ ၄၂ ဘီလီယံလောက်ထိ တန်ဖိုးရှိလာမယ်လို့ Strategy Analystic ကတွေ့ရှိပြီးနောက်မှာ Gartner ကပါဒီအကြောင်းကို လေ့လာဖော်ထုတ်ခဲ့တာပါ။Grayscale ရဲ့လေ့လာချက်တစ်ခုမှာလည်း နောက်လာမဲ့နှစ်တွေမှာ Metaverse ရဲ့စျေးကွက်ဟာ ထရီလီယံတွေအထိ မြင့်တက်လာနိုင်တယ်လို့သိရပါတယ်။

ထပ်ပြီးတော့လည်း Terra Virtua ရဲ့ပူးတွဲတည်ထောင်သူနဲ့ CEO ဖြစ်သူ Jawad Ashraf က Metaverse ဟာအသုံးပြုသူတွေဆီ ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ အတွေ့အကြုံအသစ်ကိုခံစားရမှာဖြစ်ပြီး လူမူဆက်ဆံရေးတွေ၊အလုပ်အတွက် အစည်းအဝေးတွေ၊ဂိမ်းပွဲတွေ၊ရှိုးပွဲတွေနဲ့ တခြားအရာတွေအများကြီးအတွက် အရေးပါတဲ့ပန်းတိုင်တစ်ခုဖြစ်လာနိုင်တယ်လို့ လေ့လာမူတွေက ညွှန်ပြနေကြောင်းပြောပါတယ်။
ကမောက်ကမတွေ၊ပြဿနာတွေမျိုးစုံကြုံနေရပေမဲ့ Metaverse ထဲကိုတဖြည်းဖြည်းဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေ၊နယ်ပယ်အစုံက အမျိုးမျိုးသောလူတွေ အများကြီးပါပဲ။လာမဲ့နှစ်တွေအတွင်း ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများကလူတွေရဲ့ နေ့စဥ်ဘဝထဲမှာ အရေးပါတဲ့ ဒစ်ဂျစ်တယ် Feature တစ်ခုဖြစ်လာမယ်လို့ မှန်းဆရပါတယ်။