ယူကေက ရေလှောင်တမံတစ်ခုထဲမှာ ပေ ၃၀ လောက်ရှည်တဲ့ အစ်သီယိုဆောရပ်စ် (ichthyosaur) တစ်ကောင်ရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတစ်ခုကို တူးဖော်ရရှိခဲ့ပါတယ် ။ ပင်လယ်နဂါးများလို့လည်း အများသိကြတဲ့ အစ်သီယိုဆောရပ်စ်များဟာ အလွန်ကြီးမားတဲ့ လင်းပိုင်နှင့်တူပြီး အရွယ်ရောက်ပြီးသူရဲ့ အရွယ်အစားဟာ ၂၅ မီတာအထိ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါ အစ်သီယိုဆောရပ်စ် ကျောက်ဖြစ် ရုပ်ကြွင်းကိုတော့ ရေလှောင်တမံ ပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်ရင်းကနေ တမံအတွင်းပိုင်းမှာ Rutland Water အဖွဲ့က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


ယင်းကျောက်ဖြစ်ရုပ်ကြွင်းဟာ နှစ်သန်းပေါင်း ၁၈၀ သက်တမ်းရှိပြီဟု ယူဆရတယ်လို့ ဆိုပါတယ်။ အစ်သီယိုဆောရပ်စ် မျိုးစိတ်များဟာ ဒိုင်နိုဆောနဲ့မတူဘဲ ရေထဲမှာအသက်ရှင်တဲ့ ဖွတ်ငါးအနွယ်ဝင်တွေဖြစ်ပြီး အဲ့ဒီငါးအနွယ်ဝင်တွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း (၉၀) လောက်ကတည်းက မျိုးတုန်းပျောက်ကွယ်သွားတာ ဖြစ်ပါတယ်။


ယူကေမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ အစ်သီယိုဆောရပ်စ် ကျောက်ဖြစ်ရုပ်ကြွင်းကလည်း နှစ်ပေါင်း ၁၉၅ နှစ်ရှိပြီလို့ ယူဆရပြီး ၁၈၃၆ ခုနှစ်ဝန်းကျင်က ကျောက်ရုပ်ဗေဒပညာရှင် Mary Anning မှ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ယခုတွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကတော့ လုံးလုံးလျားလျား တူးဖော်တွေ့ရှိခဲ့ပြီး ယင်းအရိုးစုဟာ နိုင်ငံအတွင်း တွေ့ရှိဖူးသမျှ ရုပ်ကြွင်းတွေမှာ အပြည့်စုံဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။ကျောက်ဖြစ်ရုပ်ကြွင်းကို လက်ရှိမှာ ကျွမ်းကျင်သူများက လေ့လာနေပြီး အနာဂတ်မှာ ပြသနိုင်ရန် မျှော်လင့်ထားတယ်လို့ သိရပါတယ်။

သတင်း အရင်းအမြစ်៖ Source - Reuters