တကယ်လို့ ဥက္ကာခဲတစ်လုံးဟာ ကမ္ဘာမြေပေါ်ကျလာတော့မယ်ဆို လူသားတွေက ဘယ်လိုကာကွယ်မလဲဆိုတာ တွေးဖူးပါသလား ရုပ်ရှင်တွေထဲမှာတော့ အနုမြူဗုံးတွေတင်ထားတဲ့ အာကာသယာဉ်ကြီးက ဥက္ကာခဲကိုဝင်တိုက်ပစ်တာတွေ ဒါမှမဟုတ် ကမ္ဘာပေါ်ကိုကျလာခါနီးမှာ အစိတ်စိတ်အမွှာမွှာဖြစ်အောင်လုပ်ပြီး ပျက်စီးမူသက်သာအောင်လုပ်တာတွေ စတာတွေမြင်ရမှာပါ တကယ်လက်တွေ့မှာရော ဘယ်လိုဖြစ်နိုင်မလဲ Near Earth Objects(NEOs) လို့ခေါ်တဲ့ ကမ္ဘာကြီးနားက ဥက္ကာခဲအပိုင်းအစတွေကို ကမ္ဘာမြေပေါ်ကျလာရင် ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို ခုချိန်မှာ NASA ကအဖြေတစ်ခုရှာနေပါပြီ ဘယ်လိုလဲဆို အာကာသယာဉ်တစ်စင်းကို ဥက္ကာခဲတစ်လုံးဆီ ဝင်တိုက်ခိုင်းတဲ့ Mission နဲ့ပါ
Double Asteroid Redirection Test(DART) ဥက္ကာခဲလမ်းကြောင်းလွှဲခြင်းစမ်းသပ်မူဆိုတဲ့ mission နဲ့ပါ 2021 နိုဝင်ဘာလ 24 ရက်နေ့က Falcon 9 ဒုံးပျံနဲ့လွှတ်တင်ခဲ့တဲ့ ဒီ Mission ဟာ အမေရိကန်ဒေါ်လာ 325 သန်းကုန်ကျတယ်လို့ သိရပါတယ် ဒီယာဉ်ကဝင်တိုက်မဲ့ ဥက္ကာခဲကတော့ ဒိုင်းမောဖို့စ်လို့ အမည်ရတဲ့ ဥက္ကာခဲပါ ဒီဥက္ကာခဲဟာ ဒိုင်းဒိုင်မော့စ်ဆိုတဲ့ ဥက္ကာခဲတစ်ခုကို လှည့်ပတ်နေတာဖြစ်ပါတယ် ဒိုင်းမောဖို့စ်က ဒိုင်းဒိုင်မော့စ်ရဲ့ လလို့ပြောနိုင်ပါတယ် ဒိုင်းဒိုင်မော့စ်ဟာ ကမ္ဘာမြေကနေ 448,253,279 ကီလိုမီတာကွာဝေးပြီး ဒိုင်းမောဖို့စ်ဟာ ကမ္ဘာမြေပေါ်ကျရောက်နိုင်တဲ့ အန္တရာယ်လည်းမရှိပါဘူး

နှစ်ခုယှဉ်နေတဲ့ ဥက္ကာခဲကို ဘာကြောင့်ရွေးချယ်ရသလဲဆို ဒီလိုနှစ်ခုရှိနေမှ ဝင်တိုက်ပြီးရင် နေရာပြောင်းသွားသလားဆိုတာ နှိုင်းယှဉ်နိုင်မှာကြောင့်ပါ တစ်ခုတည်းရှိနေတာကိုဝင်တိုက်ရင် အဖြေသိရဖို့ နှစ်ပေါင်းများစွာကြာနိုင်ပါတယ်တဲ့ Mission ကာလကို 11 လလို့သတ်မှတ်ထားပြီး 2022 ခုနှစ် စက်တင်ဘာလလောက်မှာ ယာဉ်ဟာ တစ်နာရီ မိုင်ပေါင်း 15000 အရှိန်နဲ့ ဥက္ကာခဲကိုဝင်တိုက်မယ်လို့ မှန်းထားကြောင်း သိရပါတယ် ယာဉ်နဲ့အတူ Licia Cube လို့ခေါ်တဲ့ ဂြိုလ်တုလေးလည်းပါသွားပြီး အဆိုပါဂြိုလ်တုဟာ တိုက်ပြီးချိန် ဥက္ကာခဲပေါ်က အပျက်အစီးတွေကို ဓာတ်ပုံရိုက်ပြီး ကမ္ဘာပေါ်ပြန်ပို့ပေးမှာဖြစ်ပါတယ် ဒီ Mission ဟာ NASA ရဲ့ပထမဆုံး ဥက္ကာခဲရန်ကာကွယ်ရေး Mission ဖြစ်ပါတယ်

ဒီဝင်တိုက်မူကြောင့် ဥက္ကာခဲက ကြေမွသွားမှာမဟုတ်ပဲ လမ်းကြောင်းပြောင်းယုံပဲ ဖြစ်သွားမှာပါ ဘာသတ္ထုတွေပါလဲမသိရတာကြောင့် ဘယ်လောက်ထိ အပိုင်းအစတွေ အာကာသထဲမှာ ဖွာထွက်သွားမလဲဆိုတာလည်းမသိရသေးပါဘူး
ဥက္ကာခဲတွေဟာ နေပတ်လမ်းထဲမှာပဲ ပတ်နေတာဖြစ်ပြီး တခါတလေ ဖြစ်တောင့်ဖြစ်ခဲ အချင်းချင်းတိုက်မိ၍ဖြစ်စေ ဆွဲအားကြောင့်ဖြစ်စေ ကမ္ဘာမြေပေါ်ကိုကျလာနိုင်တဲ့ အန္တရာယ်ရှိပါတယ်

အတော်အသင့်ကြီးတဲ့ ဥက္ကာခဲတစ်ခုကျလာရင်တောင် ကမ္ဘာ့တိုက်ကြီးတစ်ခုကို ဖျက်စီးပစ်နိုင်တဲ့စွမ်းအင်ရှိပါတယ် ကီလိုမီတာ 1000 လောက်ရှိတဲ့ ဥက္ကာခဲဆိုရင်တော့ ကမ္ဘာပျက်သွားမှာပါ ဒီလိုဥက္ကာခဲတွေရဲ့ ကျစ်လစ်မူတွေ ပါဝင်တဲ့သတ္ထုတွေကြောင့် လုံးဝဖျက်စီးပစ်ဖို့ကလည်း ခက်ခဲမှာဖြစ်တဲ့အတွက် အခုလိုဝင်တိုက်ပြီး လမ်းကြောင်းပြောင်းစေဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်





