မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာနှင့် အံခဲကျေးရွာကြား ပင်လယ်ပြင်မှာ ထင်ရှားစွာတည်ရှိတဲ့ နတ်လမ်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်နဲစေတီတော် တည်ရှိတာဖြစ်ပြီး စေတီတော်ဟာ ကမ်းခြေမှ (၁)မိုင်(၆)ဖာလုံ အဝေးမှာရှိပါတယ်။ ရှေးယခင်အဆိုများအရ ထို ကျိုက်နဲစေတီတော်ကို သူတော်စင် ပါရမီရှင်များသာ သွားရောက်ဖူးမြင် ကုသိုလ်ပြုဆုတောင်းနိုင်တယ်လို့ဆိုကြပါတယ်။ ဒီသမိုင်းဝင်ဆံတော်ရှင်စေတီ ကျိုက်နဲရေလယ်ဘုရားကို သုဝဏ္ဏဘူမိ သထုံမြို့ဌာနီ မွန်တို့ပြည် သီရီမာသောကမင်းကြီးလက်ထက်၌ ဂဝမ္ပတိမထေရ်မြတ်၏ ကျေးဇူးရှင်မိခင်ကြီးကို အကြောင်းပြု၍ မဟာသက္ကရာဇ်(၁၁၁)ခုနှစ်၊ ဘီစီ(၅၈၁) မြတ်စွာဘုရားရှစ်ဝါရှိသော ကာလမှာ ရဟန္တာသံဃာတော် နှစ်သောင်းခြံရံလျက် ယခုကျိုက်နဲဘုရား တည်ရှိနေရာသို့ ကြွရောက်လာပြီး နောက်အခါ ငါဘုရား၏ ဆံတော်တစ်ဆူ ရောက်ရှိလာမည်ဟု ဗျာဒိတ်တော် ပေးသနားတော်မူခဲ့ပါတယ်။လွန်လေပြီးသောအခါ ဘဝတခုမှာ မြတ်စွာဘုရားဟာ ငါးကြင်းဘဝသို့ရောက်ရှိခဲ့၍ သိန်းငှက်တစ်ကောင် ပင်လယ်ပြင်တစ်နေရာမှ ဖမ်းချီလာပြီး ကျောက်ဆောင်ပေါ်မှာပဲ စားခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းကျောက်ဆောင်ပေါ်မှာပဲ နတ်ဘီလူးကြမ်းများကို ဆုံးမတော်မူရာ မေတ္တာဓာတ်နှင့် အောင်မြင်တော်မူ၍ ဗျာဒိတ်တော် မွန်လူမျိုးတို့က ကျိုက်နဲဘုရား(အောင်တော်မူဘုရား)ဟုခေါ်ဆိုကြတာဖြစ်ပါတယ်။ ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားကို အရှေ့ဖက်ကမ်းခြေမှမျှော်၍ လှမ်းကြည့်ပါက ပင်လယ်ရေနက် ချိုင့်ခွက်အလယ်မှာ မြတ်စွာဘုရား၏ ဆံတော်တစ်ဆူ ရွှေခွက်ထဲထည့်၍ မျှောထားသလို ပုံစံဖြင့်ဆင်တူပါတယ်။


ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားပွဲတော်ကို တန်ဆောင်မုန်းလပြည့်ကျော် (၂)ရက်နေ့ညမှ (၃)ရက်နေ့မနက်ထိ စည်ကားသိုက်မြိုက်စွာ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပါသည်။ တန်ဆောင်မုန်း လပြည့်ကျော် (၃) ရက် မနက်(၅) နာရီခွဲခန့်ကစပြီး လျှောက်လမ်းဟာ တဖြည်းဖြည်း ပေါ်လာကာ မနက်(၈) နာရီလောက်မှာတော့ လမ်းကြီးတစ်ခုလုံးကို စတင်မြင်တွေ့ရတော့တာဖြစ်ပါတယ်။ လမ်းကလည်း ကမ်းခြေကနေ ဘုရားအထိ ပင်လယ်ကျောက်တွေ အပြည့်နဲ့ နတ်တွေ ဖန်ဆင်းထားသလို ဖြစ်နေလို့ “နတ်လမ်း” လို့ ခေါ်ကြပါတယ်။အချို့နှစ်တွေမှာ လမ်းက ဘုရားအခြေထိ ပေါ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ရေလယ်စေတီဘုရားပေါ်မှ ဝေယျာဝစ္စကိစ္စအရပ်ရပ်များကို ဝဲကလောင်းကျေးရွာ ရွာသူရွာသားများ တာဝန်ယူဆောင်ရွက်လေ့ရှိပြီး ဘုရားတည်ရှိနေရာကတော့ ဝဲကလောင်းရွာ ကမ်းခြေနှင့် အံခဲရွာ ကမ်းခြေကြားပဲဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ရပ်နီးရပ်ဝေးဧည့်သည်များ စည်ကားများပြားစွာ လာရောက်လည်ပတ်နေကြသည်ကို ဘုရားပွဲချိန်မှာ တွေ့မြင်နိုင်ပါတယ်။ ထူးခြားချက်မှာ ဘယ်လိုပင်ရေတက်တက် ဘုရားပေါ်မရောက်နိုင်ပဲ ဘယ်လောက်ပင် လူများများ နေစရာနေရာလုံလောက်စွာ ရှိပါတယ်။ နောက်တစ်ခုမှာ တစ်နှစ်မှတစ်ခါသာ ပေါ်လာတတ်တဲ့ နတ်လမ်းမြင်ကွင်းပဲဖြစ်ပါတယ်။


ထိုနတ်လမ်းဟာ ကားခြောက်စီးလောက် တစ်ပြိုင်တည်း သွားလာနိုင်ပြီး လှပတဲ့ ကျောက်တုံးများဖြင့် ဖန်ဆင်းခင်ကျင်းထားသည်ကို ဘုရားပွဲချိန် တန်ဆောင်မုန်းလပြည့် (၃) ရက်နေ့မနက်တွင် ထင်ရှားစွားတွေ့မြင်နိုင်ပါတယ်။ နတ်လမ်းပေါ်လာတဲ့အချိန်မှာ (၂)နာရီကျော် အချိန်သာကြာမြင့်ပြီး ထိုအချိန်အတွင်း ကမ်းခြေမှ (၁)မိုင် (၆)ဖာလုံ အကွာအဝေးရှိတဲ့ ရေလယ်ဘုရားဆီ လမ်းလျှောက်ပြီး အလွယ်တကူသွားလာနိုင်ပါတယ်။ ခေတ်မှီတိုးတက်လာသည်နှင့်အမျှ ဘုရားဖူးဧည့်သည်တော်များဟာ ဆိုင်ကယ်၊ မော်တော်ကား များဖြင့် လာရောက်လည်ပတ်သူများပြီး နွားလှည့်ဖြင့်လာရောက်ဖူးမျှော်သူလည်း အနည်းငယ်ရှိပါတယ်။ စေတီတော်ကို သွားရောက်ဖူးမြော်ချင်သူတွေအနေနဲ့ဆိုရင်တော့ ဘုရားကို သွားတဲ့ လမ်းဟာ ကတ္တရာလမ်းဆိုပေမယ့် ကျောက်ပေါ်မှာ လျှောက်ရမှာ ဖြစ်လို့ ဖိနပ်ကို ပေါ့ပေါ့ပါးပါး စီးသင့်ပါတယ်။ဘောင်းဘီပွပွ ဝတ်သင့်ပါတယ်။ လူအရမ်းများတဲ့အတွက် စိတ်ရှိတိုင်း မသွားနိုင်ပါဘူး။ ဒီရေပြန်တက်တဲ့ အချိန် မေးမြန်းထားဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် မနက်(၉) နာရီမတိုင်မီ ဘုရားကို ရောက်နေရင် အကောင်းဆုံးပါ။ယခုနှစ်လို လမ်းက ဘုရားအထိ မပေါ်ရင် လှေစီးပြီး ဆက်သွားရပါမယ်။ စက်လှေနည်းတဲ့အတွက် အခက်အခဲ ရှိနိုင်ပါတယ်။ ဒါကြောင့် သွားမယ်ဆိုရင်တောင် သတိထားပြီးသွားစေချင်ပါတယ်။





