ဗားကရာချောက် ဟာ ကြည့်မြင်တိုင်မြို့နှင့် စမ်းချောင်းမြို့ အကြားတွင် တည်ရှိတာဖြစ်ပြီး နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိပြီ ဖြစ်ပါတယ်။ ဗားကရာ ဆိုတဲ့အမည်ဟာ “ဘာ့က်ရ်” မွန်အမည်က ဆင်းသက်လာတာဖြစ်ပြီး ခရာတော ဆူးခြုံတောပေါက်ရာ ချောက် ဟု အဓိပ္ပါယ် ရပါတယ်။ ဗားကရာချောက်ဝန်းကျင်ဟာ ခရာပင်တွေ၊ ဆူးခြုံတွေ၊ ဒီရောက်ပင်တွေ ပေါက်ရောက်ရာ ဒီရေ အတက်အကျ ရှိခဲ့တဲ့ နေရာကြီးဖြစ်တဲ့အတွက် ကုန်းဘောင်ခေတ် မြန်မာဘုရင်တွေ အုပ်ချုပ်စဉ်ကအထိ တကယ့် စိမ့်ကြီးမြိုင်ကြီးတွေနဲ့မို့ ခံတပ်မြို့တောင် လုပ်ခဲ့သေးတယ်ဟု လေ့လာချက်များအရ သိရှိရပါတယ်။ ဗားကရာ ပတ်ဝန်းကျင်ရဲ့ မြေအမျိုးအစား မြေမျက်နှာသွင်ပြင်ပါမကျန် လေ့လာပြီးမှ ဒီချောက်ကို ဘယ်လိုတီထွင် ဖန်တီးမလဲဆိုတဲ့ အဆင့်ကို ရောက်ခဲ့တာဖြစ်ပြီး မြေထိန်းနံရံတည်တဲ့ အပိုင်းဟာလည်း ဗားကရာ ချောက်အတွက် အရေးကြီးတဲ့ အစိတ်ပိုင်းတခု ဖြစ်လာခဲ့ပါတယ်။ ရန်ကုန်ကနေ ပြည်မြို့အထိ ရထားလမ်းတည်ဆောက်ရာမှာ အခက်အခဲဆုံးကတော့ နာမည်ကျော် “ဗားကရာချောက်” ကြီးပဲလို့ အရင်ခေတ်အင်ဂျင်နီယာတွေက ဆိုခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုရင် ဗားကရာချောက်ရဲ့ အနက်ဟာ လှိုင်မြစ်ရေ မျက်နှာပြင်ထက် အနိမ့်ပိုင်းမှာ ရှိနေတာဖြစ်တဲ့အတွက်ကြောင့်ပါပဲ။အဓိကအားဖြင့် ဗားကရာချောက်ကနေ ရေဆင်းပေါက်၊ ရေထုတ်ပေါက် အတွက် စဉ်းစားရတာမှာ ခေါင်းခဲခဲ့တာဖြစ်ပြီး လှိုင်မြစ်ထဲ ဘယ်လိုပို့မလဲ ဆိုတာကလည်း အတော်ကို အကျပ်ရိုက်ခဲ့ရတဲ့ အချက်ပါပဲ။
ရန်ကုန်မြို့ကို စတင်တည်ထောင်ခဲ့ချိန်မှာ မြို့တွင်းပိုင်းရှိ အားလုံးသော ရေဆင်းပေါက်တွေကို လှိုဏ်ခေါင်းအဖြစ် တူးပြီး စီမံတည်ဆောက်ခဲ့တယ်လို့ လေ့လာချက်များအရသိရပါတယ်။ဗားကရာ ချောက်ကနေ လှိုင်မြစ်ဝအထိ လှိုဏ်ခေါင်းအရှည်ဟာ (၁၂ဝဝ) ပေ အရှည်ရှိပြီး ရေဆင်းကိုတော့ ကားလမ်းအောက်မှာ လိုဏ်ခေါင်းတူးထားတာပဲ ဖြစ်ပါတယ်။ လိုဏ်ကိုတော့ အုတ်တွေနဲ့ ပိုက်လုံးပုံသဏ္ဌာန် စီထားတာဖြစ်ပြီး လိုဏ်ရဲ့ အဝအကျယ်ဟာ အချင်းဝက် (၅) ပေရှိပါတယ်။ တူးထားတဲ့ လိုဏ်ခေါင်းကို မြစ်ဝရောက်တဲ့အချိန်မှာ အဖွင့်အပိတ် လုပ်လို့ရတဲ့ ရေထိန်းသံတံခါးကြီးတစ်ချပ်လည်း ရှိပါတယ်။ လှိုင်မြစ်ရေတက်တဲ့ မိုးရာသီလို အချိန်မျိုးမှာဆိုရင်တော့ ရေထိန်းတံခါးကို ပိတ်ထားလိုက်တာနဲ့ လှိုဏ်ထဲ ရေမဝင်နိုင်အောင် အရင်ခေတ် အင်ဂျင်နီယာတွေက စီမံခဲ့တာဖြစ်ပါတယ်။ ဗားကရာမီးပွိုင့်ရဲ့ ထောင့်လေးခုမှာ ရေဆင်းပေါက်တခုစီ ရှိပြီး လမ်းဘေးမြောင်းရဲ့အနက်က တစ်ပေ နီးပါးလောက်ပဲရှိတာဖြစ်ပါတယ်။ မီးပွိုင့် ရဲ့ အလယ်ခေါင်မှာတော့ လိုဏ်ထဲဆင်းတဲ့ လူဆင်းပေါက်တစ်ခု ရှိပြီး နောက်တစ်ပေါက် ကတော့ ဘောဂရပ်ကွက်ဘေးမှာ ရှိခဲ့ဖူးတာဖြစ်ပါတယ်။အရင်ခေတ်ကတော့ ထိုအထဲကို သံလှေကားနဲ့ ဆင်းရတာဖြစ်ပြီး ယခုက နှစ်ပေါင်းများစွာကြာနေပြီမို့ ထိုသံလှေကားလည်း ဆွေးပြီလို့ ခန့်မှန်းရတာဖြစ်ပါတယ်။
ဒါ့အပြင် ဗားကရာချောက်ရဲ့ လက်ရှိမြင်နေရတဲ့ အုတ်နံရံ အတွင်းဘက်ရဲ့ မျက်နှာကျက်တွေမှာ ကြေးမီးဆိုင်းကြီးတွေ တပ်ဆင်ပြီး (၂၄) နာရီ မီးပေးထားဖူးတယ်လို့ အဆိုရှိဖူးပါတယ်။ အရင်ခေတ်က နွေရာသီ ရောက်ပြီဆိုရင် မြူနီစပယ်လူကြီးက မြို့တွင်းရှိ အုတ်လိုဏ်ဂူတလျှောက် ဂျစ်ကားစီးပြီး လျှောက်ကြည့်ရ၊ ကြီးကြပ်ရတယ်လို့ အဘိုးအဘွားများဆီမှ တစ်ဆင့်စကား ကြားခဲ့ဖူးပါတယ်။နောက်ပိုင်းတော့ လိုဏ်ထဲ ဆင်းပြီး စစ်ဆေးတဲ့သူတွေလည်း မရှိတော့တဲ့အတွက် ထိုကြေးဆိုင်းမီးများလည်းပျောက်ဆုံးသွားတယ်လို့ ဆိုထားခဲ့ကြပါတယ်။ဗားကရာ ချောက်ရဲ့ အရေးကြီးဆုံးနဲ့ ရေဆင်းလိုဏ်တို့ရဲ့ လျှို့ဝှက်ချက်ကတော့ လိုဏ်တွင်းမှာ ရေစုကန် တည်ဆောက်ပေးခြင်းဖြစ်ပြီး ဗားကရာ ချောက်အတွက် ရေစုကန်ဟာ အလျား (၁ဝ) ပေ၊ အနံ (၈) ပေနဲ့ အနက် (၆) ပေခန့်ရှိတယ်လို့ဆိုပါတယ်။ ထို ရေစုကန်ထဲကို စီးလာသမျှရေတွေ ဝင်ပြီး ရေစုကန်ကနေ ပိုလျှံတဲ့ရေတွေဟာ ရေဆင်းလိုဏ်အတိုင်း စီးသွားပါတယ်။ ဒါမှသာ လမ်းပေါ် ရေဘယ်လောက်ရှိရှိ ပိုလျှံသမျှကို ရေစုကန်က ထိန်းပေးနေမှာပဲ ဖြစ်ပါတယ်။တကယ်တော့ ရေစုကန်ဟာ ရေဆင်းရေထုတ်အတွက် အရေးပါတဲ့ တည်ဆောက်ချက်တစ်ခုဖြစ်တဲ့အတွက် ရန်ကုန်မြို့ လမ်းထောင့်စုံတွေရဲ့ မြေအောက်ရေဆင်းလိုင်းတွေမှာ လူတစ်ကိုယ်အနက်ရှိတဲ့ ရေစုကန်တွေကို အင်္ဂလိပ်တွေက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
လေ့လာသူတွေရဲ့ တွေ့ရှိချက်အရတော့ ဗားကရာ ချောက် ရေနုတ်မြောင်း စနစ်ကို (၁၈၆၉) လောက်က တည်ဆောက်ခံတာ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ ကိုးထပ်ကြီးဘုရားလို့ခေါ်တဲ့ အတုလာဓိပတိ မဟာမုနိသကျဘုရားကြီးကို (၁၉ဝ၅) ခုနှစ်မှာ တည်ထားခဲ့တာဖြစ်ပြီး ဗားကရာ ချောက်ကို မွမ်းမံတည်ဆောက်ချိန်က ကိုးထပ်ကြီးဘုရားတောင် မတည်ရသေးဘူးလို့ ဆိုပါတယ်။ နောက်တစ်ခုအနေနဲ့ (၁၈၇၇) ခုနှစ် လောက်မှာ စတင်ဖြစ်ပေါ်လာခဲ့တဲ့ ရန်ကုန်မြို့ပတ်ရထား လည်း မရှိသေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံး ရထားပြေးဆွဲတာဟာ (၁၈၆၉) ခုနှစ်မှာဖြစ်ပြီး ဗားကရာရထားလမ်းက နှစ်ခု ဖြစ်နေသလို ရထားအတွက် တံတားကလည်း နှစ်ခုတည်ထားတာမို့ ထိုကာလမှာ ကြည့်မြင်တိုင် – ရန်ကုန် ဓာတ်ရထားလိုင်း ပြေးဆွဲနေခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်မို့ ဗားကရာ တည်ဆောက်ချိန်ဟာ ဒါထက်စောမယ်လို့ ယူဆနိုင်ပါတယ်။ ဗားကရာ ချောက်ရဲ့ မိုးဘယ်လောက်ရွာရွာ၊ မိုးရွာပြီးတာနဲ့ ရေတင်ကျန်မနေခဲ့ခြင်း အကြောင်းကိုတော့ အချိန်အတော်ကြာ လူပြောသူပြော များနေကြတာ ယနေ့တိုင်ပါပဲ။ အင်္ဂလိပ်တွေတည်ဆောက်သွားခဲ့တဲ့ ဗားကရာ ချောက် အောက်က ရေစုကန်၊ လှိုင်မြစ်ထဲ စီးဆင်းတဲ့ လခြမ်းပုံ အုတ်စီမြောင်း နှင့် ရေအဝင် အထွက် ထိန်းတဲ့ လှိုင်မြစ်ဝက ရေတံခါးပေါက် တို့ကို ဆက်လက်ထိန်းသိမ်း ပြုပြင် ဖို့ကတော့ လိုအပ်နေတုန်းဖြစ်ပါတယ်။နှစ် (၁၀၀) ကျော် သက်တမ်း ရှိပြီ ဖြစ်တဲ့ ဒီ ဗားကရာချောက် က မြန်မာပြည်သူတွေအတွက်တော့ အတော်စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်း အမွေအနှစ်တစ်ခုလို့ မြင်မိတဲ့အတွက် ဒီအကြောင်းအရာကို ရေးသားဖော်ပြလိုက်ရပါတယ်။