လူတွေဟာ တိရစ္ဆာန်ပေါင်းစုံနဲ့ မိတ်ဆွေဖြစ်တတ်ကြပေမယ့် အသားစားသတ္တဝါတွေနဲ့ မိတ်ဆွေဖြစ်ဖို့ကိုတော့ ရှောင်ကြဉ်လေ့ရှိကြပါတယ်။ အကြောင်းကတော့ အချိန်မရွေး ဒုက္ခပေးနိုင်လို့ပါ။ အနည်းငယ်သောလူတွေကသာ ဒီလိုသတ္တဝါတွေနဲ့ တရင်းတနှီးနေလေ့ရှိပြီး မွေးမြူးကြလေ့ရှိပါတယ်။ အခုလည်း အင်ဒိုနီးရှားက Sholeh ဆိုတဲ့ အသက် ၃၅ နှစ်အရွယ်အမျိုးသားဟာ သန်မာတဲ့ ကျားမတစ်ကောင်နဲ့ မိတ်ဆွေဖြစ်နေတာ ဆယ်စုနှစ် တစ်ခု ရှိပြီလို့ သိရပါတယ်။

Sholeh ဟာ အသက် ၃လသာ ရှိတဲ့ ကျားမလေးတစ်ကောင်ကို လွန်ခဲ့တဲ့ ၁၀နှစ်ေကျာ်တည်းက ထိန်းလာခဲ့တာဖြစ်ပါတယ်။ ကျားမလေးရဲ့ မူလပိုင်ရှင်ဟာ သူမကို ဂရုမစိုက်နိုင်တော့တဲ့အတွက် Malang က Islamic ကျောင်းတစ်ကျောင်းကို လှူဒါန်းခဲ့တာပါ။ အဲဒီတုန်းက Sholeh ဟာ အသက် ၂၅ နှစ်သာ ရှိသေးပြီး အဲဒီအချိန်တည်းက ကျားမလေးကို ထိန်းကျောင်းခဲ့တာပဲဖြစ်ပါတယ်။ ကျားမလေးရဲ့နာမည်က Mulan Jamillah ဟာဖြစ်ပြီး Sholeh ဟာ သူမနဲ့ အချိန်ပြည့် ၂၄ နာရီရှိနေတတ်ပါတယ်။ တခါတလေ Sholeh ပျောက်နေရင် သူမဟာ နေလို့ထိုင်လို့မရဖြစ်နေတတ်ပါတယ်။ သူတို့နှစ်ဦးဟာ အတူဆော့ ၊ အတူအိပ်လေ့ရှိတဲ့အတွက် Sholeh ကို အားလုံးက ကလေးထိန်း (The Nanny) လို့နာမည်ပြောင်ပေးထားကြပါတယ်။

“ကျွန်တော် သူမနဲ့ အတူဆော့တယ် ၊ အိပ်တယ် ၊ သူမကို အစာကျွေးတယ် ၊ ဒါကျွန်တော့်ရဲ့နေ့စဉ်အလုပ်ပါပဲ၊ ဒီလိုနေရတဲ့အတွက် ပျော်ပါတယ်” လို့ Sholeh က Barcroft TV သတင်းဌာကိုပြောကြားခဲ့ပါတယ်။ သူတို့နှစ်ဦးဘယ်လောက်ရင်းနှီးရင်းနှီး ၊ ကျားမလေးဟာ ဘယ်လောက်ယဉ်ယဉ် အခုအချိန်မှာတော့ ပေါင် ၄၀၀ ၀န်းကျင် ကျားကြီးတစ်ကောင်ဖြစ်လာပြီဖြစ်တဲ့အတွက် အချိန်မရွေး အန္တရာယ်ပေးနိုင်နေပါပြီ။ “သူဟာ တိရစ္ဆာန်သာဖြစ်တဲ့အတွက် တိရစ္ဆာန်အသိဉာဏ်ပဲ ရှိမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ သူ့ကိုယ်သူတော့ ကြောင်လို့ ထင်နေပုံရပါတယ်။ သူနဲ့ ကျွန်တော်ဆော့ကစားတဲ့အခါ ကုတ်တတ်ခြစ်တတ်လေ့ရှိပါတယ်။ ဒါဟာတော်တော်ဆိုးပါတယ်။ ကျွန်တော့်တစ်ကိုယ်လုံးမှာ သူ့ရဲ့ကုတ်ရာခြစ်ရာတွေချည်းပါပဲ” လို့ အမျိုးသားက ဆိုပါတယ်။

Sholeh ဟာ Mulan ကို တစ်နေ့ ၆ ကီလိုရှိတဲ့ ကြက်သား (သို့) ဆိတ်သား ကို ကျွေးရပါတယ်။ Mulan ဟာ အသားတွေကိုသာမကပဲ အသင့်စားခေါက်ဆွဲခြောက်ကိုလည်း ကြိုက်နှစ်သက်ပါတယ်။ ဘယ်သူတွေဘယ်လိုပြောနေပေမယ့် အခုဆို ကျွန်တော်တို့ရင်းနှီးခဲ့တာ ၁၀နှစ်ေကျာ်ရှိခဲ့ပါပြီ။ ဆက်ပြီးတော့လည်း ဒီထက် ပိုရင်းနှီးဖို့ပဲ ရှိပါတယ် လို့ Sholeh က ပြောသွားပါတယ်။


သတင်း အရင်းအမြစ်៖ Daily Mail