ကမ္ဘာပေါ်မှာ ဗိသုကာပညာကို အသုံးချပြီးတော့ သဘာဝရဲ့ဘေးအန္တရာယ်တွေကို ကာကွယ်ဖို့ အတွက် ကြီးမားခိုင်ခံ့တဲ့ အဆောက်အဦပေါင်းများစွာကို လူသားတွေဟာ ဆောက်လုပ်ခဲ့ကြပါတယ်။ အခုဖော်ပြပေးမှာကတော့ လူသားတွေ ဖန်တီး ဆောက်လုပ်ထားတဲ့ အဆောက်အဦပေါင်း များစွာထဲကမှ ထူးထူးဆန်းဆန်း ပုံသဏ္ဍာန်ရှိတဲ့ အဆောက်အဦတွေပဲ ဖြစ်ပါတယ်။
The Crooked House

ပိုလန်နိုင်ငံမှာရှိတဲ့ “The Crooked House” လို့ အမည်ရတဲ့ အဆောက်အဦဟာဆိုရင် ၂၀၀၄ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ဈေးဝယ်စင်တာတစ်ခုပဲ ဖြစ်ပါတယ်။ ပုံပြင်ဆန်ဆန် ဖန်တီးပုံဖော်ပြီး တည်ဆောက်ထားတဲ့ ဒီအဆောက်အဦရဲ့ ထူးခြားလှတဲ့ ဗိသုကာလက်ရာတွေကြောင့် ကမ္ဘာလှည့် ခရီးသွားတွေ အများဆုံးလာရောက်ကြတဲ့ အဆောက်အဦ တစ်ခုလည်း ဖြစ်ပါတယ်။
Stone House

ပေါ်တူဂီနိုင်ငံမှာရှိတဲ့ ကျောက်တုံးအိမ်လို့ ခေါ်တဲ့ ဒီအဆောက်အဦကိုတော့ ကြီးမားတဲ့ ကျောက်တုံးကြီး နှစ်တုံးကြားထဲမှာ တည်ဆောက်ထားတာဖြစ်ပြီး နာမည်ကြီး ကာတွန်း ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ The Flinstones ကာတွန်းကားထဲက အိမ်တွေအတိုင်း တည်ဆောက် ဖန်တီးထားတာ ဖြစ်ပါတယ်။
Dancing House

ချက်သမ္မတနိုင်ငံရဲ့ အကြီးဆုံးမြို့တော် ပရက်ဂ်မြို့မှာ တည်ရှိတဲ့ ဒီအဆောက်အဦဟာဆိုရင်တော့ အဝေးကနေလှမ်းကြည့်ရင် လေထဲမှာ ပျံဝဲကပြနေတဲ့ အဆောက်အဦပုံစံ ဖြစ်အောင် တီထွင်ဖန်တီး ဆောက်လုပ်ထားတာပဲ ဖြစ်ပါတယ်။ ခေတ်မီပြီး ဆန်းသစ်တဲ့ ဗိသုကာလက်ရာကြောင့် မြို့ရဲ့သင်္ကေတ တစ်ခုအနေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေက လာရောက်လေ့လာလေ့ ရှိကြပါတယ်။
Habitat 67

ကနေဒါနိုင်ငံ မွန်ထရီအောမြို့မှာရှိတဲ့ ဒီအဆောက်အဦဟာဆိုရင် ၁၉၆၇ ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး ဗိသုကာပညာရှင် Moshe Safdie ရဲ့ လက်ရာ ဖြစ်ပါတယ်။ ကုဗတုံးတွေ စီထပ်ထားသလို လေးထောင့်ပုံ တိုက်ခန်းတွေကို စီထပ်ထားတဲ့ ဒီအဆောက်အဦဟာဆိုရင် အခုချိန်အထိ ဆွဲဆောင်မှုရှိပြီး လူနေတိုက်ခန်းအဖြစ် အသုံးပြုနေဆဲ ဖြစ်ပါတယ်။
La Pedrera

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာရှိတဲ့ ဒီအဆောက်အဦဟာ ယဉ်ကျေးမှုစင်တာတစ်ခုဖြစ်ပြီး ၁၉၁၂ ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဗိသုကာပညာရှင်တွေဖြစ်တဲ့ Antoni Gaudi နဲ့ Josep Maria Jujol တို့က ဖန်တီးတည်ဆောက်ခဲ့တာဖြစ်ပြီး ကမ္ဘာ့လက်ရာအမြောက်ဆုံး အဆောက်အဦ စာရင်းမှာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Wonderlist