ခုဖော်ပြမယ့် အကြောင်းကတော့ ကမ္ဘာ့အစောဆုံးနဲ့အကြီးကျယ်ဆုံး မံမီတွေထဲက တစ်ယောက် အကြောင်းပဲ ဖြစ်ပါတယ်။ ၁၈၈၁ ခုနှစ် အီဂျစ်နိုင်ငံ Thebes ရှိ ဘုရင်များတောင်ကြား(Valley of the Kings) မှာတွေ့ရှိခဲ့တဲ့ ဘုရင် Ramesses II ရဲ့ ရုပ်ကြွင်းဟာ ခရစ်တော်မပေါ်မီ ၁၂၁၃ ခုနှစ်က သေဆုံးခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ Ramesses the Great လို့လည်း ထင်ရှားတဲ့ Ramesses II ဟာ ရှေးဟောင်းအီဂျစ်အင်ပါယာမှာ အကြီးကျယ်ဆုံး၊ အင်အားအကြီးဆုံး၊ ပွဲသဘင်များ ကျင်းပမှု အများဆုံး ဖာရိုဟု ယူဆထားရတဲ့ ဘုရင်တစ်ယောက်ဖြစ်ပါတယ်။


ခရစ်တော်မပေါ်မီ ၁၂၇၉ ခုနှစ်မှ ၁၂၁၃ ခုနှစ်အထိ အီဂျစ် ၁၉ ဆက်မြောက် အင်ပါယာရဲ့ တတိယမြောက် ဘုရင်လည်း ဖြစ်ခဲ့ပါတယ်။Ramesses II ရဲ့ ရုပ်အလောင်းကို မူလက ဘုရင်များတောင်ကြားမှာ မြှုပ်နှံခဲ့ပြီး နောက်ပိုင်းတွင် ခိုးတူးသူများရဲ့ အန္တရာယ်ကို ရှောင်ကြဉ်နိုင်ရန် ရဟန်းတော်များက ဘုရင်မ Inhapy ဂူသင်္ချိုင်းကုိ ရွှေ့ပြောင်းခဲ့ပါတယ်။ အဲ့နောက် သုံးရက်အကြာမှာ တတိယအကြိမ်အဖြစ် Ramesses II ရဲ့ ရုပ်အလောင်းကို ရဟန်းတော်များရဲ့ အကြီးအကဲဖြစ်သူ Pinudjem II အုတ်ဂူဆိကို ထပ်မံပြောင်းရွှေ့ခဲ့ကြပါတယ်။


ဒီ အကြောင်းများကို Ramesses II ရဲ့ အလောင်းကိုဖုံးထားတဲ့ အဝတ်စပေါ်မှာ ရေးသားခဲ့ပါတယ်။ ရုပ်အလောင်းကိုစစ်ဆေးချိန်မှာ သုတေသီများက Ramesses II ဟာ အနီရောင်ဦးခေါင်းရှိကာ အဆစ် ရောင်ရောဂါကို ခံစားခဲ့ရသဖြင့် သေဆုံးချိန်အထိ ခါးကုန်းကာ လမ်းလျှောက်ခဲ့ရကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် ပညာရှင်များရဲ့ ကြိုးကြိုးစားစား လေ့လာဆန်းစစ်ချက်များကြောင့် Ramesses II ဟာ ကမ္ဘာ့ရှေးအကျဆုံး မံမီထဲကမှ တစ်ခု အဖြစ် သမိုင်းမှတ်တမ်းမှာ တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ History





