ပေါက်ပွားနှုန်းအရမ်းမြန်တဲ့တိရိစ္ဆာန်တွေဟာ လူတွေအတွက် အနှောင့်အယှက်ဖြစ်တဲ့ တိရိစ္ဆာန်တွေဖြစ်လာနိုင်ပါတယ်။ ကြွက်တွေဟာ လူတွေကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် အန္တရာယ်များရခြင်း အကြောင်းအရင်းက မျိုးပွားနှုန်းအရမ်းမြန်တဲ့အတွက် ဖြစ်ပါတယ်။

ကြွက်တွေဟာ အသက်အရွယ်အားဖြင့် (၄-၅) ပတ်အတွင်းမှာ လိင်ပိုင်းဆိုင်ရာ ရင့်ကျက်မှုရှိကြပါတယ်။ သူတို့ရဲ့ကိုယ်ဝန်သက်တမ်းဟာလည်း (၃) ပတ်သာကြာမြင့်ပါတယ်။ တစ်ကြိမ်မျိုးပွားရင် ကြွက်ကောင်ရေ (၅) ကောင်မှ (၁၂) ကောင်ထိ မျိုးပွားနိုင်ပါတယ်။ ကြွက်မတစ်ကောင်ဟာ တစ်နှစ်အတွင်းမှာ (၆) ကြိမ်ထိမျိုးပွားနိုင်ပါတယ်။

ဖော်ပြထားတဲ့အချက်တွေအရ ကြွက်တစ်ကောင်ဟာ တစ်နှစ်အသက်ရှင်မယ်ဆိုရင်တောင် ကြွက်ကောင်ရေ (၇၂) ကောင်ထိ မွေးထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သူမွေးထုတ်လိုက်တဲ့ ကြွက်ငယ်လေးတွေကလည်း အချိန်ခဏတာအတွင်းမှာ ကြွက်ကောင်ရေများစွာ ပြန်လည်မွေးထုတ်ပေးနိုင်ပါတယ်။ သာမန်အားဖြင့် ကြွက်တစ်ကောင်ကြောင့် တစ်နှစ်အတွင်းမှာ ကြွက်ကောင်ရေပေါင်း ၁၂၅၀ ထိ မျိုးပွားနိုင်ပါတယ်။

အဆိုပါကြွက်ကောင်ရေပေါင်း ၁၂၅၀ ဟာ သက်တမ်းသုံးနှစ်အထိရှင်သန်မယ်ဆိုရင် ထပ်မံပေါက်ပွားလာတဲ့ကြွက်ကောင်ရေဟာ ဘီလီယံတစ်ဝက် (သန်း ၅၀၀) လောက်ဖြစ်နေပါပြီ။ ယခုတွက်ချက်မှုဟာ သီအိုရီအရ ကြွက်စုံတွဲတစ်တွဲကို တွက်ချက်ထားခြင်းသာဖြစ်ပြီး လက်တွေ့ဘဝမှာ သန်းပေါင်းများစွာအထိ ပေါက်ပွားခြင်းမရှိပါဘူး။ ကြွက်ကိုသတ်ဖြတ်စားသောက်တဲ့ အသားစားတိရိစ္ဆာန်၊ ရောဂါပိုးမွှားနှင့် လူတွေရဲ့သတ်ဖြတ်မှုတွေကြောင့် သူတို့ရဲ့မျိုးပွားမှုနှုန်းဟာ များစွာလျော့နည်းလာပါတယ်။
