ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အသိအမှတ်ပြုထားတဲ့ မြွေမျိုးစိတ်ပေါင်း ၃၆၀၀ မှ ၃၉၀၀ ခန့်ရှိတဲ့အနက် အကြီးဆုံး မြွေမျိုးစိတ်ကတော့ Green Anaconda မြွေတွေဖြစ်ပါတယ်။ Green Anacondas မြွေကို အများအားဖြင့် တောင်အမေရိကတိုက်ရှိ အပူပိုင်းမိုးသစ်တောနှင့် အမေဇုန်မြစ်ဝှမ်းတွေမှာ တွေ့ရပါတယ်။

ဒီမြွေတွေ ဘယ်လောက်ထိကြီးမားကြသလဲဆိုရင် အရွယ်ရောက်ပြီးသား Green Anacondas တစ်ကောင်ဟာ အရှည် ၅ မီတာ (၁၆.၄ ပေ) ထက်ကျော်လွန်နိုင်ပြီး အလေးချိန် ၁၀၀ ကီလိုဂရမ် (ပေါင် ၂၂၀) ကျော်ရှိကြပါတယ်။ အချို့အကောင်တွေဆိုရင် အလျား ၇ မီတာ (၂၃ ပေ) အထိ ရှိကြတယ်လို့ ပြောဆိုကြတာတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်အရွယ်အစားသာရှိကြတယ်ဆိုရင် နွား(သို့) ကျွဲ တစ်ကောင်လုံးတောင် အေးဆေးမျိုနိုင်ပါတယ်။


Green Anacondas တွေကတော့ အထူးသဖြင့် အဆိပ်မရှိကြပါဘူး။ ဒါပေမယ့် သားကောင်ကို မိရင်တော့ ရစ်ပတ်ပြီး အသက်မရှူနိုင်တော့တဲ့အထိ အားကောင်းမောင်းသန် ဖျစ်ညှစ်ကြပါတယ်။ သူတို့ရဲ့ တစ်နေ့တာ အချိန်တွေကိုတော့ ရေထဲ ဒါမှမဟုတ် ရေစပ်တွေမှာ အများအားဖြင့် အချိန်ကုန်ကြတာ ဖြစ်ပါတယ်။

Green Anaconda မြွေတွေဟာ အလေးချိန်နှင့် လုံးပတ်ကို ကြည့်ပြီး အကြီးဆုံးဆိုတဲ့ ဘွဲ့ကိုခံယူထားပေမယ့် အရှည်ဆုံးမြွေမျိုးစိတ်ကတော့ Reticulated Python ဖြစ်ပါတယ်။ Reticulated Python မြွေတွေက ဘယ်လောက်ထိ ရှည်လဲဆိုရင် မှတ်တမ်းတွေအရ အလျား ၉ မီတာ (၂၉.၅ ပေ) ကျော်ထိ ရှိကြတယ်လို့ ဆိုပါတယ်။

သတင်း အရင်းအမြစ်៖ Source - nationalgeographic





