ကမ္ဘာပေါ်ကတိရိစ္ဆာန်တွေတိုင်းဟာ သူတို့ရဲ့နေ့စဥ်ရှင်သန်ရေးအတွက် အစားအစာတွေကို ရှာဖွေစားသုံးရပါတယ်။ ဒီလိုစားသုံးဖို့အတွက် သွားတွေက မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။ ဒါပေမယ့် အချို့တိရိစ္ဆာန်တွေမှာတော့ အစားအစာတွေကို ဝါးဖို့အတွက်သွားမပါပါဘူး။ ဒါဆို သူတို့အစားအစာကို ဘယ်လိုစားသုံးပြီး ဘယ်လိုအသက်ရှင်နေထိုင်ကြောင်း သိချင်နေကြမယ် ထင်ပါတယ်။ ဒါကြောင့် သွားမပါတဲ့ တိရိစ္ဆာန် (၃) မျိုးကို ဖော်ပြပေးသွားပါမယ်။

(၁) ပုရွက်စားကောင်
ပုရွက်စားကောင်တွေကို တောင်အမေရိကအလယ်ပိုင်း မိုးသစ်တောနှင့် စိမ်းစိုတဲ့ဒေသတွေမှာ အများဆုံးတွေ့ရပါတယ်။ သူတို့ဟာ ပုရွက်ဆိတ်တွေကို စားသုံးတဲ့အတွက် ပုရွက်ဆိတ်ဝက်ဝံလို့လည်းခေါ်ကြပါတယ်။ သူတို့မှာသွားတွေမရှိတဲ့အတွက် အစာစားတဲ့အခါ လျှာတွေကို အဓိကအသုံးပြုရပါတယ်။ အကောင်ကြီးတွေဟာ ရှင်သန်ဖို့အတွက် တစ်ရက်ကို ခြကောင်နှင့် ပုရွက်ဆိတ် အနည်းဆုံးအကောင် ၃၅၀၀၀ ခန့် စားသုံးကြပါတယ်။


(၂) လိပ်
လိပ်တွေဟာ ရှေးဟောင်းတွားသွားသတ္တဝါတွေဖြစ်ပြီး သူတို့ရဲ့ကြီးမားလေးလံတဲ့ အခွံတွေကြောင့်လူသိများပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာနေထိုင်ကြပေမယ့် အာရှနှင့် ဥရောပမှာ အများဆုံးတွေ့ရပါတယ်။ လိပ်တွေဟာ အသီးအရွက်တွေကို စားသလို အသားလည်းစားပါတယ်။ လိပ်တွေဟာ သားပေါက်စအရွယ်မှာ ဥတွေကိုဖောက်ဖျက်ဖို့ သွားတစ်ချောင်းပါရှိတတ်ပါတယ်။ ဒါပေမယ့် လပိုင်းအတွင်းမှာ အဆိုပါသွားဟာ ကျိုးကျသွားမှာပါ။ အရွယ်ရောက်လာတဲ့ လိပ်တွေဟာ ကိုက်ဖြတ်စားသောက်ဖို့အတွက် သန်မာတဲ့နှုတ်သီးတွေကို အသုံးပြုကြပါတယ်။

(၃) သင်းခွေချပ်
သင်းခွေချပ်တွေဟာ မြေတွင်းပေါက်နှင့် သစ်ပင်အခေါင်းပေါက်တွေမှာ နေထိုင်တဲ့တိရိစ္ဆာန်တွေဖြစ်ပါတယ်။ သူတို့မှာသွားမရှိတဲ့အတွက် အစာတွေကိုဝါးစားလို့မရပါဘူး။ ဒါကြောင့် အစားအစာတွေကို လျှာအသုံးပြုပြီးစားသောက်တဲ့အပြင် အစာချေလမ်းကြောင်းကို ကူညီဖို့အတွက် ကျောက်တုံးလေးတွေကို မြိုချတတ်ကြပါတယ်။ ဒီနည်းလမ်းကို Gizzard လို့ ခေါ်ပါတယ်။

ဒီလောက်ဆိုရင် သွားမပါတဲ့ တိရိစ္ဆာန်တွေက ဘယ်လိုနည်းလမ်းနဲ့ ကိုက်ဖြတ်စားသောက်ကြလဲဆိုတာ အကြမ်းဖျင်းနားလည်မယ်လို့ မျှော်လင့်ပါတယ်။





