Matera မြို့ဟာ အီတလီနိုင်ငံတောင်ပိုင်း Basilicata ဒေသမှာ တည်ရှိပြီး သမိုင်းဝင် ရှေးဟောင်းမြို့လေးဖြစ်ပါတယ်။ ထူးခြားပြီး ရှေးကျတဲ့ကျောက်လှိဏ်ဂူတွေကြောင့် "ကျောက်မြို့တော်" လိုလည်း လူသိများပါတယ်။ အထောက်အထားတွေအရ ဒီမြို့ဟောင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ ကျော်လောက်ကတည်းက လူသားများနေထိုင်ခဲ့တာဖြစ်လို ကမ္ဘာပေါ်မှာ ရှေးအကျဆုံး လူသားများ စဉ်ဆက်မပြတ်အခြေချနေထိုင်ခဲ့တဲ့ နေရာ တစ်ခုအဖြစ် သတ်မှတ်ခံထားခဲ့ကြပါတယ်။


မြို့ဟောင်းရဲ့ လူနေအိမ်တွေရဲ့ မူလအစက သဘာဝကျောက်ဂူ ၊ကျောက်စောင်တွေပါ။ အခြေချနေထိုင်သူတွေဟာ အဲ့ဒီ ကျောက်စောင်တွေကို ထွင်းထုပြီး လူနေအိမ်များ၊ ဘုရားကျောင်းများနှင့် အခြားအဆောက်အအုံများအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၁၉၅၀ ခုနှစ်များအထိ Matera မြို့မှာ နေထိုင်ခဲ့ပေမယ့် နောက်ပိုင်း နေထိုင်မှုနိမ့်ကျမှုကြောင့် မြို့သူမြို့သားများဟာ ခေတ်မီအိမ်ရာများကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ ၁၉၈၀ ခုနှစ်မှာ မြို့ကို တိုးတက်အောင် ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ Matera ကျောက်ဂူနှင့် ကျောက်ထွင်းခရစ်ယာန်ဘုရားကျောင်းတိုကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။


Matera ရှေးဟောင်းမြို့ဟာ ဆိတ်ငြိမ်ကြော့ရှင်းပြီး များပြားလှတဲ့ ရှေးခေတ်လူနေအိမ်များကို ယနေ့အထိ ထိန်းသိမ်းထားဆဲဖြစ်တာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ ရှေးဟောင်းမြို့တစ်မြိုလည်း ဖြစ်ပါတယ်။ သင်ဟာ တကယ်လို အီတလီကို ရောက်ခဲ့ရင်တော့ Matera မြို့ဟောင်းကို သွားရောက်လည်ပတ်ပါလို တိုက်တွန်းပါရစေ။

သတင်း အရင်းအမြစ်៖ Source - wikipedia





