ပိုးဖလံလို့ပြောရင် လူတော်တော်များများက လိပ်ပြာယောင်ဆောင်တဲ့ တိရိစ္ဆာန်လို့ထင်တတ်ကြပါတယ်။ တကယ်တော့ သူတို့ဟာ သဘာဝအတိုင်းဖြစ်တည်လာတဲ့ မျိုးစုတစ်ခုသာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပိုးဖလံမျိုးစိတ်ပေါင်း ၁၆၀၀၀၀ ကျော်ရှိပါတယ်။ လိပ်ပြာတွေလိုပဲ အရောင်အဆင်းစုံလင်ပြီး လိပ်ပြာတွေနဲ့ နီးစပ်တဲ့မျိုးစိတ်ဖြစ်ပါတယ်။ ဒီလိုပိုးဖလံတွေမှာ လိပ်ပြာထက်ပိုလှတဲ့မျိုးစိတ်လေးတွေလည်း ရှိပါတယ်။ လှပတဲ့ပိုးဖလံမျိုးစိတ် (၃) ခုကို ဖော်ပြပေးသွားပါမယ်။

(၁) ကိုမစ်ပိုးဖလံ
ကိုမစ်ပိုးဖလံတွေဟာ ကမ္ဘာ့အကြီးဆုံးလိပ်ပြာမျိုးစိတ်တွေထဲက တစ်ခုဖြစ်ပြီး အတောင်တွေကိုဖြန့်လိုက်တဲ့အခါ ၈ လက်မလောက်အရွယ်အစားရှိပါတယ်။ မာဒါစကာမှာသာတွေ့ရတဲ့အတွက် မာဒါစကာလပိုးဖလံလို့လည်း ခေါ်ဆိုကြပါတယ်။ ရှင်သန်နေထိုင်စရာ နေရာတော်တော်များများဆုံးရှုံးခဲ့ရတာကြောင့် မျိုးတုန်းမယ့်အန္တရာယ်နဲ့ရင်ဆိုင်နေရပေမယ့် ထိန်းသိမ်းကာကွယ်ထားဆဲဖြစ်ပါတယ်။

(၂) စိမ်းဝါရောင်ပိုးဖလံ
စိမ်းဝါရောင်ပိုးဖလံတွေဟာ အလယ်အလတ်စားပိုးဖလံမျိုးစိတ်ဖြစ်ပြီး အတောင်ဖြန့်လိုက်တဲ့အခါ (၃) လက်မလောက်ကျယ်ပါတယ်။ အာရှ၊ ဥရောပနှင့် မြောက်အမေရိကတိုက်တစ်ခွင်မှာတွေ့ရတဲ့ ထူးခြားလှပတဲ့ ပိုးဖလံမျိုးစိတ်ဖြစ်ပါတယ်။ သစ်တောထဲမှာ ကိုယ်ဖျောက်ပြီး ပုန်းကွယ်နိုင်ဖို့အတွက် သူတို့အတောင်နှင့် ကိုယ်ထည်မှာ အစိမ်းရောင်အစက်အပျောက်တွေပါရှိပါတယ်။ အထီးတွေဟာ အမတွေထက် အရွယ်အစားပိုကြီးပြီး အစက်အပျောက်တွေလည်း ပိုများပါတယ်။

(၃) အမွှာစဖိန်းပိုးဖလံ
စဖိန်းပိုးဖလံတွေရဲ့ အရောင်အဆင်းအများစုက အညိုရောင်ဖြစ်နေပေမယ့် အပြာရောင်နှင့် အနက်ရောင်မျက်လုံးတွေအပြင် အနီရောင်အနောက်တောင်ပံတွေပါရှိတဲ့အတွက် ထူးခြားလှပတဲ့အသွင်အပြင်နှင့် အရောင်အဆင်းကို ပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာပါ။ သူတို့ကို တောင်အမေရိကတစ်ဝှမ်းမှာ တွေ့နိုင်ပါတယ်။ သားလောင်းအရွယ်မှာတောင် ဂဏန်းပန်းသီး၊ ချယ်ရီသီးစတဲ့ အသီးအနှံတွေကို စားသုံးကြပါတယ်။

လိပ်ပြာနှင့် ပိုးဖလံတွေယှဥ်လိုက်တဲ့အခါ လိပ်ပြာအများစုက ပိုပြီးလှပတာမှန်ပေမယ့် အချို့ပိုးဖလံတွေဟာ လိပ်ပြာတွေထက်ပိုပြီးလှပကြောင်း ဖော်ပြထားတဲ့ ပိုးဖလံတွေကိုကြည့်ပြီး သိနိုင်ပါတယ်။