နတ်သမီးပုံပြင်တွေဆိုတာ ကလေးငယ်တွေအတွက်ပညာယူစရာ အသိဉာဏ်တိုးစေဖို့နှင့် ပျော်ရွှင်စေဖို့ရည်ရွယ်ချက်နှင့်ပေါ်ပေါက်လာခဲ့ကြတာဖြစ်ပါတယ်။ ပုံပြင်အများစုဟာ လှပတဲ့ဇာတ်သိမ်းလေးနှင့် စိတ်ထားကောင်းတဲ့ဇာတ်ဆောင်တွေရယ် အကျင့်မကောင်းတဲ့ ဗီလိန်ကြီးတွေရယ်ပါလေ့ရှိပါတယ်။ ဒီနတ်သမီးပုံပြင်တွေဟာ ဘယ်ခေတ်ကတည်းကပေါ်ပေါက်နေတာလဲဆိုတာကို မသိနိုင်ပါဘူး။

အကြောင်းကတော့ပုံပြင်အများစုဟာ နှုတ်ပြောကနေတစ်ဆင့် မျိူးရိုးစဥ်ဆက်လက်ဆင့်ကမ်းလာကြတာဖြစ်ပြီး နောက်ပိုင်းမှာမှ စာရွက်တွေပေါ်မှာချရေးပြီးမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ ဒီလိုနတ်သမီးပုံပြင်တွေဟာ မူကွဲတွေလည်းအများကြီးရှိတဲ့အပြင် မူလရေးခဲ့သူကိုပြန်ရှာတဲ့အခါ သေချာတိတိကျကျသိဖို့နည်းလမ်းလည်းမရှိပါဘူး။ ဒါပေမဲ့ ဒီလိုလှပတဲ့ပုံပြင်လေးတွေဟာ ကလေးတိုင်းရဲ့ ကလေးဘဝကိုထူးခြားစေပြီး သာမာန်နှင့်မတူဘဲပျော်ရွှင်စေခဲ့တဲ့ပုံပြင်လေးတွေဖြစ်ပါတယ်။

လေ့လာချက်တွေအရ ဒီလိုနတ်သမီးပုံပြင်တွေထဲမှာ စနှိုးဝိုက်နှင့်လူပုလေးခုနှစ်ယောက်ပုံပြင်ကအစောဆုံး နတ်သမီးပုံပြင်ဖြစ်တယ်လို့သိရပါတယ်။ ဒီပုံပြင်ဟာလည်းပဲ သမားရိုးကျ နတ်သမီးပုံပြင်တွေလိုပဲအပြစ်ကင်းပြီးချစ်စရာကောင်းတဲ့ စနှိုးဝှိုက်ဆိုတဲ့ကောင်မလေးကို ရဲရင့်ပြီးသတ္တိရှိတဲ့မင်းသားတစ်ပါးက ကယ်တင်ခဲ့တဲ့ပုံပြင်လေးဖြစ်ပါတယ်။ နောက်ပိုင်းမှာ စင်ဒရဲလား ရေသူမ စတဲ့မှော်ပညာနှင့်ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေအများကြီးပါဝင်တဲ့ပုံပြင်တွေလည်းဆက်တိုက်ထွက်ရှိလာခဲ့ပါတယ်။


တစ်ချိူ့စိတ်ပညာရှင်တွေကတော့ ဒီလိုနတ်သမီးပုံပြင်တွေဟာ ကလေးတွေကိုမှားယွင်းတဲ့မျှော်လင့်ချက်နှင့် စိတ်ကူးတွေဖြစ်စေနိုင်တယ်လို့ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ ပုံပြင်တွေကြောင့် စိတ်ဒဏ်ရာလိုမျိူးအရာတွေကနေရုန်းထွက်နိုင်ခဲ့တဲ့ကလေးတွေလည်းရှိသလို လေ့လာချက်တွေအရ ငယ်ဘဝမှာ နတ်သမီးပုံပြင်တွေကိုနားထောင်ရင်းကြီးပြင်းလာသူတွေက တခြားသူတွေထက်စိတ်ကူးစိတ်သန်းကောင်းတတ်ကြတယ်လို့လည်း သိရပါတယ်။ ဒါကြောင့်လည်း နတ်သမီးပုံပြင်တွေဟာအခုချိန်ထိ ကလေးတွေအတွက်တည်ရှိနေတာဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ www. byarcadia.org





