မေလဒုတိယအပတ်တနင်္ဂနွေနေ့ကို အမေများနေ့အဖြစ်သတ်မှတ်ကာအားလပ်ရက်တစ်ရက်အနေနှင့်ကျင်းပပြုလုပ်ကြလေ့ရှိပါတယ်။ မိခင်တွေကိုဂုဏ်ပြုတာနှင့်ချစ်ခင်ကြောင်းပြသကြတဲ့ ဒီအထိမ်းအမှတ်နေ့ဟာထင်ထားတာထက်ပိုလေးနက်တဲ့သမိုင်းကြောင်းနှင့် အဖြစ်အပျက်တွေရှိပါတယ်။

အမေရိကနိုင်ငံ ဗားဂျီးနီးယားပြည်နယ်က Ann Reeves Jarvis ဆိုတဲ့အမျိူးသမီးဟာစစ်ပွဲကာလပြီးသွားတဲ့အချိန် ကလေးပြုစုနည်းသင်တန်းတွေကိုမိခင်တွေအတွက်စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ Mothers' Friendship Day ဆိုတဲ့နေ့ကိုသတ်မှတ်ပြီးတော့ မြို့ထဲကမိခင်တွေအချင်းချင်းတွေ့ဆုံကြစကားပြောကြတာတွေလုပ်ပြီး အနားယူကြပါတယ်။ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ Julia Ward Howe ကဇွန်လနှစ်ရက်နေ့ကိုအမေများနေ့အဖြစ်သတ်မှတ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

Ann Reeves Jarvis ရဲ့သမီးဖြစ်သူ Anna Jarvis သူ့အမေရဲ့မိခင်တွေအတွက်နေ့ထူးနေ့မြတ်သတ်မှတ်ပေးချင်တဲ့ ဆုတောင်းစကားကိုကြားပြီး တရားဝင်အားလပ်ရက်ဖြစ်ဖို့ကြိုးစားခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြိုးစားပြီးနောက် ၁၉၀၈မှာတော့ ပထမဆုံးအမေများနေ့ကို ဗားဂျီးနီးယားပြည်နယ်ကဘုရားကျောင်းတစ်ခုမှာ ကျင်းပနိုင်ခဲ့ပါတယ်။

Anna Jarvis ဟာအိမ်ထောင်မပြုခဲ့တဲ့အတွက်အမေတစ်ယောက်မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့သူမဟာသူမအမေထံကနေခံစားခဲ့ရတဲ့မိခင်မေတ္တာရဲ့ကြီးမြတ်မှုတွေ ဖြူစင်မှုတွေနှင့် ခမ်းနားမှုတွေကိုအမြဲတမ်းသတိရနေတာကြောင့် ကမ္ဘာပေါ်ကမိခင်တိုင်းကိုဂုဏ်ပြုပေးနိုင်မဲ့ ဒီလိုနေ့ကိုဖန်တီးဖို့အစွမ်းကုန်ကြိုးစားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ မေလဒုတိယပတ်တနင်္ဂနွေတိုင်းမှာ အမေတွေကိုဂုဏ်ပြုပေးပြီးအမေ့မေတ္တာတွေကိုအသိအမှတ်ပြုကြတဲ့ ပွဲတွေကျင်းပနေပြီဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ www.history.com





