နိုင်ငံတကာက တက္ကသိုလ်တော်တော်များကတော့ ဘွဲ့နှင်းသဘင်အခမ်းအနားများမှာ ကျောင်းသူကျောင်းသားတွေက သတ်မှတ်ထားတဲ့ ဘွဲ့ဝတ်စုံကိုသာ ဝတ်ဆင်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံရှိ “ကျိုတို တက္ကသိုလ်”ကတော့ ဘွဲ့ယူမောင်/မယ်များကို ဘွဲ့နှင်းသဘင်အခမ်းအနားမှာ လွတ်လပ်စွာ ဝတ်ဆင်ခွင့် ပြုထားတဲ့ ကမ္ဘာ့ တက္ကသိုလ်များထဲက တစ်ခု ဖြစ်ပါတယ်။



ကျိုတို တက္ကသိုလ်ကတော့ ဂျပန်နိုင်ငံမှာ အကြီးဆုံးတက္ကသိုလ်တစ်ခုဖြစ်တဲ့ တိုကျိုတက္ကသိုလ်ပြီးရင် သူက ဒုတိယသက်တမ်းအရင့်ဆုံးဖြစ်တဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ ဘွဲ့နှင်းသဘင်အခမ်းအနားများရောက်ရှိတဲ့ အချိန်မှာတော့ ဘွဲ့ယူမောင်/မယ်များဟာ ကြိုက်နှစ်သက်တဲ့ ဝတ်စုံများကို လွတ်လပ်စွာ ဝတ်ဆင်ခဲ့တာက အစဉ်အလာတစ်ခုအဖြစ်ရှိနေတာ ဖြစ်ပါတယ်။



ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ၂၀၂၂ ခုနှစ် ကျိုတို တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဘွဲ့ယူမောင်/မယ်များရဲ့ အပြောင်မြောက်ဆုံး ဘွဲ့ဝတ်စုံဝတ်စားဆင်ယဉ်မှု ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အချို့ ဘွဲ့ယူမောင်/မယ်တွေဆိုရင် ရိုးရာဝတ်စုံ ကီမိုနို ၊ ဆာမူရိုင်း၊ မိုနာလီဆာ (ဒါမှမဟုတ်) ဆယ်ကျော်သက် မူတန် နင်ဂျာလိပ်များအပြင် အနောက်တိုင်း ဝတ်စုံမျာပါး ဝတ်ဆင်ကြပါတယ်။


ဒီလိုဝတ်ဆင်ကြတာဟာ သူတို့ ဘဝရဲ့ အလှပဆုံးအချိန် တဆစ်ချိူးမှာ တက္ကသိုလ်ဘဝရဲ့ နောက်ဆုံး ပျော်ရွှင်မှု၊ သူငယ်ချင်း၊ ဆရာများနှင့် ခွဲခွာရတဲ့ ဝမ်းနည်းမှုတွေကို အမှတ်တရ ပုံဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ မည်သို့ပင်စေကာမူ လွတ်လပ်စွာဝတ်ဆင်ပြီး ဘွဲ့ယူနေတဲ့ ပုံရိပ်တွေကတော့ မြင်ရသူတိုင်း ပျော်ရွှင်ကြည်နူးမိတာတော့ အမှန်ပါ။




သတင်း အရင်းအမြစ်៖ Source - Tar Mi Ko In Japan/boredpanda





