သီတင်းကျွတ်လပြည့်နေ့ လို့ ဆိုလိုက်တာနဲ့ ဗုဒ္ဓဘာသာဝင်တွေအဖို့ နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်တယ်ဆိုတာအားလုံးကသိကြမှာပါ။ သီတင်းကျွတ်လပြည့်နေ့မှာ မြတ်စွာဘုရား ဟာ တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာတဲ့နေ့ ဖြစ်တာကြောင့် မြတ်စွာဘုရား ကြွမြန်းလာတာကို ရည်မှန်းကာ ဘုရားရှင်အားပူဇော်တဲ့အနေနဲ့ အဆိုပါနေ့မှာ မီးထွန်းပွဲများဆင်ယင်ကျင်းပကြတာဖြစ်ပါတယ်။
သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့လို့လည်း အများကခေါ်ဆိုလေ့ရှိကြပါတယ်။

ဘာကြောင့်လဲဆိုရရင် အကြောင်းရင်းရှိပါတယ်။ မြတ်စွာဘုရားသခင် ဟာ သူ့ရဲ့ မွေးမိခင်ဖြစ်ခဲ့ဖူးတဲ့ မယ်တော်အမိနတ်သား သန္တုဿီတနတ်သားကို အကြောင်း ပြု၍ တာဝတိံသာနတ်ပြည်မှာ ကုသလာဓမ္မာ အကုသလာဓမ္မာ ၊ အဗျာကတာဓမ္မာ အစရှိတဲ့ အဘိဓမ္မာခုနစ်ကျမ်း အား ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ ၌ ပဝါရဏာပြုကာ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်းပြုလျက် အဆိုပါနေ့ကို အဘိဓမ္မာနေ့ လို့ ခေါ်ဆိုခဲ့ကြတာဖြစ်ပြီး ၎င်းနေ့မှာ အဘိဓမ္မာပူဇော်ပွဲများ ကျင်းပခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟု ခေါ်ဆိုကြပါသေးတယ်။ ဘာကြောင့်လဲဆိုရင် မြတ်စွာဘုရားရှင် တာဝတိံသာမှ ဆင်းသက်လာတဲ့အခါ ဘုရားရှင်ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းမှ ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာတာဖြစ်ပါတယ်။ ထိုသို့ နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာလျက် သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရားကို ဖူးမြော်ကြရသော (၃၆) ယူဇနာအတွင်းရှိ ပရိသတ်အားလုံးက ဘုရားဆုကို တောင်းကြတာကြောင့် ဤ နေ့ကို ဘုရားဆုပန်နေ့ ဟု ခေါ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

သီတင်းကျွတ်လပြည့်နေ့ ဟာ ရဟန်းတော်များဝါမှ ထသောနေ့ ၊ ပဝါရဏာပြုကြသောနေ့ ၊ မြတ်စွာဘုရားသခင် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူခြင်း အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့ ၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့ ၊ လူနတ်ဗြဟ္မာတို့ မြတ်စွာဘုရားအား အတူတကွ ပူဇော်ကြသောနေ့ ၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောကောင်းခြင်းအဖြာဖြာတို့နဲ့ ပြည့်စုံတဲ့နေ့ဖြစ်တယ်လို့ သိရပါတယ်။






