ကမ္ဘာပေါ်ရှိတဲ့ ပုရွက်ဆိတ်အရေအတွက်က ဘယ်လောက်ရှိမယ်လို့ ခန့်မှန်းဖူးလား..? ပုရွက်ဆိတ်တွေက ကမ္ဘာပေါ်မှာ အများဆုံးတွေ့ရဲ့ အင်းဆက်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဟောင်ကောင်တက္ကသိုလ်မှ သိပ္ပံပညာရှင်များကတော့ ကမ္ဘာတစ်ဝှမ်းမှာ ပုရွက်ဆိတ်အကောင်ရေ ၂၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ပြီးတော့ ဒီပုရွက်ဆိတ်တွေရဲ့ အလေးချိန်က ကမ္ဘာပေါ်ရှိ တောရိုင်းငှက်များနှင့် နို့တိုက်သတ္တဝါအားလုံးထက် ပိုများတယ်လို့လည်း ဆိုထားခဲ့ကြပါတယ်။

ပညာရှင်တွေက ပုရွက်ဆိတ်အားလုံးရဲ့ စုစုပေါင်းအလေးချိန်ကို တိုင်းတာရာမှာ ကာဗွန်တန်ချိန် ၁၂ သန်းခန့်ရှိတဲ့ “ဇီဝလောင်စာ” ကို အမှီပြုပြီး ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကာဗွန်ဟာ ပုရွက်ဆိတ်တစ်ကောင်ရဲ့ အလေးချိန်ထက်ဝက်ခန့်ပဲ ရှိပါတယ်။ ဆိုလိုတာကတော့ ပုရွက်ဆိတ်အားလုံးရဲ့ အလေးချိန်က ပိုပြီးများနိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။


မှတ်တမ်းတွေအရဆိုရင် ကမ္ဘာ့တဝှမ်းမှာ အမည်ပေးထားတဲ့ ပုရွက်ဆိတ် မျိုးကွဲပေါင်းက ၁၅၇၀၀ ကျော်လောက်ရှိတဲ့အပြင် နောက်ထပ်အမည်မပေးရသေးတဲ့ မျိုးကွဲတွေလည်း ရှိသေးပါတယ်။ ပုရွက်ဆိတ်တွေက တကယ်တော့ ကျွန်တော်တို့ လူနေပတ်ဝန်းကျင် ဂေဟစနစ်အားလုံးနီးပါးမှာလည်း အရေးပါပါတယ်။ ဥပမာ - လယ်ယာမြေတစ်ခုမှာ သူတို့တွေရှိမယ်ဆိုရင် လယ်သမားတွေ အသုံးပြုတဲ့ ပိုးသတ်ဆေးထက် အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။


ပုရွက်ဆိတ်တွေဟာ အပင် (သို့မဟုတ်) မြေအောက်တွေမှာ အသိုက်များပြုလုပ်ပြီး အားလုံးစုဖွဲ့ နေထိုင်ကြပြီး အချိုဓာတ်ရှိတဲ့ အစားစာတွေ နှင့် အသားတွေကို စားသောက်ကြပါတယ်။ ယခုနောက်ပိုင်းမှာတော့ ကမ္ဘာ့တဝှမ်းမှာရှိတဲ့ ပုရွက်ဆိတ်များဟာ လူသားတွေရဲ့ ဓာတုအသုံးပြုလာမှု နှင့် ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဆိုးရွားတဲ့ ခြိမ်းခြောက်မှုကို ကြုံတွေ့နေရပါတယ်။

သတင်း အရင်းအမြစ်៖ Source – CBS News