"Boycott" ဆိုတဲ့ စကားလုံးက Charles Cunningham Boycott ဆိုတဲ့ အိုင်ယာလန်နိုင်ငံသားတစ်ဦးဆီကနေ စတင်ခဲ့တာပါ။ သူဟာ ဗြိတိသျှစစ်တပ်ကနေ အနားယူပြီးနောက် ၁၉ ရာစုကစပြီး အိုင်ယာလန်မှာ မြေယာကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ၁၈၇၉ ကနေ ၁၈၈၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အိုင်ယာလန် ပြည်တွင်းစစ်ပွဲမှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတယ်ဆိုတာထက် တိုင်းပြည်ဟာ ကသောင်းကနင်းဖြစ်နေတာပါ။

သီးနှံမထွက်မှု၊ ဆင်းရဲမွဲတေမှုတွေကြောင့်ပဲ အိုင်ယာလန်တစ်ဝှမ်းမှာ တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။ Charles Cunningham Boycott က အိုင်ယာလန်မှာရှိတဲ့ မြေအမြောက်အများကို စီမံခန့်ခွဲတဲ့အပြင် အငှားမြေပေါ်က လယ်သမားများနဲ့ အလုပ်သမားတွေကို ကြီးကြပ်မှုတွေပြုလုပ်ပြီးတော့ ငှားရမ်းခများ ကောက်ခံခြင်းနဲ့ နှင်ထုတ်ခြင်းတွေလုပ်ငန်းတွေလည်းလုပ်ဆောင်ခဲ့ပါတယ်။

တရားမျှတတဲ့ငှားရမ်းမှု၊ သက်တမ်းသတ်မှတ်မှုနှင့် အခမဲ့ရောင်းချတဲ့ လုပ်ငန်းဆောင်တာတွေ ပေါ်ပေါက်လာ တဲ့အခါ မှာတော့ မြေယာလုပ်ကိုင်နေသူများနဲ့ မြေပိုင်ရှင်တွေကြားမှာ Boycott တစ်ယောက် အကြပ်အတည်း ဖြစ်လာခဲ့ပါတယ်။ Boycott ဟာ လူတိုင်းမုန်းတီးခြင်း ခံခဲ့ရပြီးတော့ လူတွေရဲ့ ဆက်ဆံရေးမှာလည်း ရှောင်ကျဉ်ခံခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ Boycott ဟာ ရာဂဏန်းလောက်ရှိတဲ့ လူတွေက သူ့အိမ်ကို ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေကြောင်း လန်ဒန်ရှိ The Times ကို စာတစ်စောင်ရေးသားခဲ့ပါတယ်။ သတင်းစာထဲကို ဒီလို စာရေးခဲ့ခြင်းကြောင့် Boycott ရဲ့ အခြေအနေကို လူတွေက ပိုအာရုံစိုက်လာကြပါတယ်။

ဗြိတိသျှ တရားဝင်အစိုးရရဲ့ သစ္စာခံတွေရောက်ရှိလာခဲ့တဲ့အခါမှာတော့ Boycott ဟာ အိုင်ယာလန်ကနေ ထွက်ခွာခဲ့ရပါတော့တယ်။ Boycott ရဲ့ နာမည်ကလည်း စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ လုပ်ဆောင်ချက်များနဲ့ ဆက်စပ်ပြီး အသုံးပြုလာတဲ့အပြင် အစိုးရ ဒါမှမဟုတ် အဖွဲ့အစည်းတွေအပေါ် မကျေနပ်မှုများနဲ့ ပတ်သက်တဲ့အခါမျိုးမှာပါ အသုံးပြုလာကြတာဖြစ်ပါတယ်။





