လက်ရှိအချိန်မှာ မိုးတွေနေ့တိုင်းနီးပါး သဲကြီးမဲကြီးရွာသွန်းပြီး မိုးကြိုးတွေပါဆက်တိုက်ပစ်လာတာကြောင့် အပြင်ထွက်ချိန်မိုးရွာရင် သတိထားဖို့လိုအပ်လာပါတယ်။ခုရက်ပိုင်းမိုးကြိုးတွေပစ်နေချိန်မှာ တော်တော်များများဟာ မထင်မှတ်တဲ့အမှားတွေကို လုပ်မိလို့ အသက်ဆုံးရှုံးရတာတွေလည်းရှိတဲ့အတွက် မိုးကြိုးပစ်ချိန် ဆောင်ရန်၊ရှောင်ရန်တွေကိုဖော်ပြပေးလိုက်ပါတယ်။

လျှပ်စီးစလက်ပြီး မိုးကြိုးပစ်တော့မယ်လို့ထင်တာနဲ့ ပထမဆုံးလုပ်ရမှာက အိမ်ထဲဖြစ်စေ၊နီးစပ်ရာစားသောက်ဆိုင်ဖြစ်စေ၊ဈေးဝယ်စင်တာဖြစ်စေ အမိုးအကာလုံလုံနဲ့ အဆောက်အဦးထဲ ပြေးဝင်ဖို့ပါ။ကွင်းပြင်ကျယ်ကြီးထဲမှာ ဝပ်နေရင်ဖြစ်စေ၊ထိုင်ချထားရင်ဖြစ်စေ မိုးကြိုးပစ်ခံရဖို့ အခွင့်အရေးနည်းပေမဲ့ ပစ်ခံရနိုင်ချေရှိသေးတာကြောင့် ကွင်းပြင်ကျယ်တွေမှာ မနေသင့်ပါဘူး။

မြေကြီးကိုပစ်ချလိုက်တဲ့ မိုးကြိုးကနေတဆင့်ဓာတ်လိုက်နိုင်တဲ့ အန္တရာယ်လည်းရှိ၊မိုးကြိုးပစ်ဖို့လည်း ပိုကြီးတဲ့ပစ်မှတ်ဖြစ်သွားနိုင်တာကြောင့် မြေပြင်ပေါ်မှာ လှဲချနေတာကိုလည်း ရှောင်ရှားသင့်ပါတယ်။ခန္ဓာကိုယ်ကိုကျုံ့နေအောင်ထိုင်ချလိုက်ပြီး လက်နှစ်ဖက်နဲ့နားကိုပိတ်ထားတာက အကောင်းဆုံးပုံစံပါ။ကွင်းပြင်တစ်ခုထဲမှာ ထီးထီးကြီးရှိနေတဲ့ အပင်ကပစ်မှတ်ထင်းထင်းကြီးဖြစ်နေလို့ ပစ်ချလိုက်ရင် အောက်မှာရှိနေသူကိုပါ သေချာပေါက်ထိမှန်နိုင်တာကြောင့် အဲ့လိုနေရာမျိုးမှာလည်း မနေပါနဲ့။

ရေကန်တို့၊ချောင်းတို့ထဲဆင်းနေတာမျိုးကိုလည်း ရှောင်ရှားသင့်ပြီး လျှပ်စစ်ဓာတ်အားကို စွဲယူနိုင်တဲ့ တာဝါတိုင်တွေ၊ဝါယာကြိုးတွေအပြင် ကွန်ကရစ်တွေ၊သတ္တုပစ္စည်းပြောင်ပြောင်လက်လက်တွေနားမှာလည်း လုံးဝမနေသင့်ပါဘူး။အိမ်ထဲမှာရှိနေပြီဆိုရင်လည်း ရေပိုက်တွေ၊လျှပ်စစ်ပစ္စည်းတွေကို မိုးကြိုးပစ်နေစဥ် အသုံးမပြုသင့်သေးပါဘူး။

လျှပ်စစ်ဟာ ရေပိုက်လိုင်းတွေတဆင့်ကရော၊ဝါယာကြိုးတွေကနေရော ကူးသန်းသွားလာနိုင်တာကြောင့် ရေနဲ့ထိမိရင်ဓာတ်လိုက်နိုင်ပြီး လျှပ်စစ်ပစ္စည်းတွေက လူမထိရင်တောင် ပစ္စည်းတွေပျက်စီးနိုင်တာကြောင့်ပါ။မိုးကြိုးဟာဖုန်းကြိုးတွေကတဆင့်လည်း ကူးသန်းနိုင်လို့ ကြိုးဖုန်းအသုံးပြုခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။

ကမ္ဘာ့အနှံ့အပြားမှာ မိုးကြိုးပစ်တဲ့ဖြစ်စဥ်တွေဟာ အိမ်ထဲမှာရှိနေသူတွေထက် အပြင်ရောက်နေသူတွေမှာပိုအဖြစ်များပါတယ်။မိုးကြိုးပစ်ခံရတဲ့ဖြစ်စဥ်တွေကို လေ့လာကြည့်ရမှာ မြင်းစီးနေချိန်တွေ၊ဂေါက်ရိုက်နေချိန်တွေ၊လှေစီးနေချိန်တွေ၊ကွင်းပြင်ထဲက သစ်ပင်အောက်မှာရှိနေချိန်တွေမှာ အဖြစ်များတဲ့အတွက် မိုးကြိုးပစ်ပြီဆိုတာနဲ့ အထက်ပါအချက်တွေကို သတိပြုသင့်ပါတယ်။