အ၀လွန်ရောဂါဆိုတာ ဒီနေ့ခေတ်မှာ လူတော်တော်များများ ကြုံတွေ့ခံစားလာရပြီဖြစ်တဲ့ ရောဂါတခုဖြစ်နေပါပြီ။ အထူးသဖြင့် အလှအပကိုဂရုစိုက်တတ်တဲ့ မိန်းကလေးတွေအဖို့ အ၀လွန်ခြင်းက အလွန်ကြီးမားတဲ့ပြဿနာ တခုဖြစ်မယ်ဆိုတာ ကျိန်းသေပါတယ်။ ဒါကြောင့် ကျနော်က အမျိုးသမီးတွေခံစားနေရတဲ့ အ၀လွန်ခြင်းအကြောင်းနဲ့ အ၀လွန်တာမဖြစ်အောင်ဘယ်လိုလုပ်ရမယ်ဆိုတာကိုပြောပြပေးချင်ပါတယ်။ အ၀လွန်တယ်ဆိုတာကတော့ ခန္ဓာကိုယ်မှာ မလိုအပ်တဲ့အဆီပို တွေများလာပြီး ရှိသင့်တဲ့ အလေးချိန်ထက်ပိုလာတာ ကိုပြောတာပဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့ခန္ဓာကိုယ်မှာ တောင်းဆိုတဲ့ ကယ်လိုရီပမာဏဆိုတာရှိတယ်ဗျ။

ယောကျာ်းလေးတွေမှာ ၂၅၀၀ ကယ်လိုရီဖြစ်ပြီးတော့၊ မိန်းကလေးတွေမှာတော့ ၂၀၀၀ ကယ်လိုရီဖြစ်ပါတယ်။ ကျနော်တို့နေ့စဉ် စားလိုက်တဲ့အစားအစာတွေ၊ အထူးသဖြင့် သကြားဓာတ်အများကြီးပါ၀င်တဲ့အစားအစာတွေနဲ့၊ ဆီကျော်မုန့်တွေစားမိလို့ အဲ့ဒီတောင်းဆိုတဲ့ပမာဏကိုကျော်သွားလို့ရှိရင် ကျနော်တို့ ခန္ဓာကိုယ်က အဆီပိုတွေအဖြစ်သိမ်းဆည်းလိုက်ပါတယ်။ အဲ့ဒိအဆီပိုတွေအများကြီးစုလာတဲ့အခါ မှာတော့အ၀လွန်တာ ဖြစ်လာပါတော့တယ်။ နောက် ကျနော်တို့စားလိုက်တဲ့ ကယ်လိုရီတွေကိုချေဖျတ် လောင်ကျွမ်းစေဖို့ လှုပ်ရှားမှုလည်း လိုပါသေးတယ်။

နေ့စဉ်အထိုင်များတာ၊ အအိပ်များတာနဲ့ လှုပ်ရှားမှုအားနည်းတာတွေက အ၀လွန်ခြင်းကိုဖြစ်စေတဲ့အဓိကအကြောင်းအရင်းတွေထဲက တချက်ဖြစ်ပါတယ်။ နောက်တချက်ကတော့ ရာသီသွေးပုံမှန် မဆင်းတာပဲဖြစ်ပါတယ်။ မိန်းကလေးအချို့မှာ လစဉ်မျိုးဥကြွေတဲ့အချိန် ဟော်မုန်းမညီမျှတာကြောင့် မျိုးအောင်တဲ့ဥတွေဖြစ်မလာပါဘူး၊ အဲ့ဒိမျိုးမအောင်တဲ့ဥတွေကို အရည်အိပ် သေးလေးတွေအဖြစ်သိမ်းဆည်းလိုက်ပါတယ်။ အဲ့လိုမျိုးရာသီသွေးမမှန်တဲ့ အမျိုးသမီးတွေမှာ အ၀လွန်လေ့ရှိပြီး၊ အခြားသောရောဂါများလည်း နောက်ဆက်တွဲဖြစ်လေ့ရှိပါတယ်။

နောက်ထပ်အ၀လွန်စေနိုင်သေးတဲ့ အကြောင်းအရင်းတချက်ကတော့ မျိုးရိုးကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကိုယ်ရဲ့မျိုးရိုးမှာ ကိုယ့်မိဘဖြစ်ဖြစ် အ၀လွန်ရောဂါရှိနေခဲ့ရင် ကိုယ့်ကိုလည်းကူးစက်လာနိုင်ပါတယ်။ အ၀လွန်ခြင်းဟာ ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ အ၀လွန်ခြင်းနှင့်အတူ ဆီးချို၊ နှလုံး၊ သွေးတိုးနှင့် ကင်ဆာရောဂါစတဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်နိုင်ပါသေးတယ်။ အ၀လွန်ခြင်းဟာ မည်သည့်အသက်အရွယ်မှာမဆိုဖြစ်နိုင်ပြီး အသက်ကြီးလာတဲ့လူတွေအနေနဲ့ ပိုဖြစ်နိုင်ခြေရှိပါတယ်။

ကိုယ်၀န်ဆောင်စဉ် အ၀လွန်ခြင်းဟာလည်း မိခင်ရော၊ ကလေးအတွက်ပါ အန္တရာယ်တွေနဲ့ကြုံတွေ့ရနိုင်ပါတယ်။ ကျန်းမာတဲ့အစားအစာတွေသာစားခြင်း၊ နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစားပုံမှန်လုပ်ပေးခြင်း၊ အခြားရောဂါတွေမဖြစ်အောင် ကျန်းမာရေးကို သေချာဂရုစိုက်ခြင်းတွေကနေ အ၀လွန်ရောဂါမဖြစ်အောင် ဂရုစိုက်နိုင်ပါတယ်။ တကယ်လို့ကိုယ်ကအ၀လွန်ရောဂါ ခံစားနေရပြီဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ ဆင်ခြင်စားသောက်တာ၊ အိမ်မှာလုပ်လို့ရတဲ့လေ့ကျင့်ခန်းလုပ်တာ၊ fitness centerသွားတာနဲ့ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်ပြီး medical checkupလုပ်တာတွေလုပ်ဖို့ အကြံပေးချင်ပါတယ်။

ကျန်းမာခြင်းဟာ လာဘ်တပါးဆိုတဲ့အတိုင်း ကျန်းမာ၊ လှပနေစေနိုင်ဖို့ နေ့စဉ်နေထိုင်မှုပုံစံ (lifestyle) ကိုဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Photo-credit
သတင်း အရင်းအမြစ်៖ NHS and internet