ခုခေတ်မှာ အလှအပကို နည်းလမ်းပေါင်းစုံနဲ့ လှပဖို့ကြိုးစားလို့ရနေကြတဲ့အချိန်ဖြစ်တဲ့အတွက် ခေတ်မှီနည်းပညာများစွာလည်း တိုးတက်လာကြပြီဖြစ်ပါတယ်။ အဲ့ထဲမှာမှ Filler ထိုးနေကြတဲ့ အကြောင်းတွေဟာ မိန်းကလေးတွေအကြား Hit ဖြစ်နေတဲ့အကြောင်းအရာတစ်ရပ်ဖြစ်နေပါတယ်။

Filler ထိုးခြင်းဟာ ပိုပြီးလှပသွားနိုင်တယ်ဆိုပေမယ့် တကယ့်တကယ် Filler ထိုးတော့မယ်ဆိုရင်တော့ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ သိထားဖို့ လိုအပ်ပါတယ်။ Filler ထိုးခြင်းဟာ ရာခိုင်နှုန်းအပြည့် အန္တရာယ် ကင်းတဲ့ ကုသမှုမျိုးမဟုတ်တာကိုတော့ သတိထားရပါမယ်။ အထူးသဖြင့် ဆရာဝန် မဟုတ်တဲ့သူတွေ နဲ့ Fillerထိုးတော့မယ်ဆိုရင် ပိုလို့ သတိထားရပါမယ်။ Filler ထိုးမယ်ဆိုရင်တော့ဖြစ်နိုင်ရင် တတ်သိနားလည်တဲ့ ကျွမ်းကျင် အလှအပဆရာဝန်တွေနဲ့သာထိုးသင့်ပါတယ်။

Filler ထိုးသူ အများစုဟာ မျက်နှာ ၊ ရင်သားနဲ့ တင်ပါးအစရှိတဲ့နေရာမှာအထိုးများကြတာဖြစ်တဲ့အတွက် အထူးသတိထားသင့်ပါတယ်။ Filler ထိုးရင်းနဲ့ အခန့်မသင့်ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ကတော့ ဆေးခဲပြီး အဖုအထစ်များဖြစ်လာခြင်း ၊ ပိုးဝင်နာ ဖြစ်ခြင်း တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် Filler ဆေးဟာ ပျစ်တဲ့အတွက် အရေပြားအောက်ထိုးသွင်းတဲ့အခါ သွေးကြောထဲ မတော်တဆ ဝင်သွားခဲ့ပြီး ပိတ်သွားတတ်ပါတယ်။ ၎င်း သွေးကြောကနေ ထောက်ပံ့အာဟာရပေးတဲ့ အရာတွေက ပိတ်ပြီး ပုပ်သွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

အရေပြား ပုပ်သွားခဲ့ ရင် ထိုအနာကို ဘယ်လိုပင်ပြန်ကုစေကာမူ နဂိုမူရင်းအနေအထားသို့ပြန်ရောက်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ ဒီ့ထက်ဆိုးရွားတဲ့ အဆိုးဆုံး ဘေးထွက်ဆိုးကျိုးကတော့ မျက်လုံးကန်းခြင်းဖြစ်ပါတယ်။ မျက်လုံးကို ထောက်ပံ့ပေးတဲ့ သွေးကြောထဲ ဝင်ရောက်ခဲ့တဲ့အခါမျိုးမှာ အချိန်မှီ အရေးပေါ်မကုသနိုင်ရင် တစ်သက်တာ ပြန်လည်ကုသလို့ မရနိုင်တောဘအောင် မျက်စိကန်းမှာဖြစ်ပါတယ်။ ဒီလိုမျက်စိကို ထိသွားတဲ့ ဖြစ်ရပ်တွေက ဘယ်လိုအချိန်တွေမှာ အဖြစ်များတတ်လဲဆိုရင်တော့ nose filler, smile line Filler, မျက်ကွင်း Filler ,နားထင် နဖူး Filler နေရာ သွေးကြောတွေဟာ မျက်လုံးကို ထောက်ပံ့ပေးတဲ့ သွေးကြောတွေနဲ့ အနီးစပ်ဆုံး ဆက်နွယ်နေခြင်းကြောင့်ပါ။

ဒီလိုဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မို့ တကယ်လို့ သင်ဟာ Filler ထိုးဖို့စဥ်းစားထားတယ်ဆိုရင်တော့ သေချာစဥ်းစားပြီး ဆေးခန်းတွေ မှာဆရာဝန် တွေနဲ့ သေချာ စနစ်တကျ ဆွေးနွေးပြီး ကုသမှု ခံယူဖို့အကြံပေးပါရစေ။
