ကမ္ဘာမှာ ဂျပန်အမျိုးသမီးတွေဟာ သိမ်မွေ့တယ်၊ သွယ်လျတယ်၊ နုပျိုတယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဒါ့အပြင် ဂျပန်လူမျိုးဟာ ကမ္ဘာမှာ အသက်အရှည်ဆုံးလူမျိုးလည်း ဖြစ်ပါတယ်တဲ့။

ဒီလိုဖြစ်ရတဲ့ လျှို့ဝှက်ချက်က ဘာလဲလို့မေးရင် သူတို့က ကြောင်စီစီနဲ့ ပြန်ကြည့်တယ်။ ဘာလို့လဲဆိုတော့ ဂျပန်လူမျိုးတို့ရဲ့ နေ့စဥ်ဘဝမှာ ပြုလုပ်တဲ့ အလေ့အထတွေ ကိုယ်တိုင်က ကျန်းမာရေးနဲ့ ညီညွတ်နေတာ ဖြစ်တဲ့အတွက် သူတို့မှာ သီးသန့် ကျန်းမာရေးလိုက်စားနေစရာမလို၊ လျှို့ဝှက်ချက်ရယ်လို့ မရှိပါဘူးတဲ့။ ဒါကြောင့် ဒီဆောင်းပါးမှာ ဂျပန်အမျိုးသမီးလေးတွေကို သွယ်လျလှပစေတဲ့ လူနေမှုပုံစံ အချက် ၁၀ ချက် ကို ပြောပြချင်ပါတယ်။

၁။ လက်ဖက်စိမ်းရေနွေးကြမ်း
လက်ဖက်စိမ်းမှာ ပါဝင်တဲ့ EGCG လို့ခေါ်တဲ့ ဓာတ်ပစ္စည်းမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိနေပါတယ်။ သူဟာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပြီး သွေးတွင်းအဆီကို လျော့ကျစေတယ်၊ ကင်ဆာရောဂါကို ကာကွယ်ပေးတယ်ဆိုပြီး တွေ့ရှိရပါတယ်။ သူ့ကိုသောက်သုံးခြင်းအားဖြင့် လေဖြတ်ခြင်း၊ ဆီးချို၊ သွေးတိုးနဲ့ အယ်ဇိုင်းမားရောဂါတွေ ကာကွယ်တယ်လို့ ဆိုပါတယ်။ ဂျပန်လူမျိုးဟာ လက်ဖက်စိမ်းရေနွေးကြမ်းကို နှစ်ခြိုက်စွာ သောက်သုံးကြတာမို့ ကျန်းမာနေတာ မဆန်းပါဘူး။

၂။ အချဥ်တည်ထားတဲ့ အစားအသောက်များ
အချဥ်ဖောက်ထားတဲ့ အစားအစာတွေမှာ အင်ဇိုင်းတွေ၊ ဗိုက်တာမင် ဘီ၊ အိုမီဂါ ၃ ဖက်တီးအက်ဆစ်နဲ့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားလေးတွေ ပါဝင်ပါတယ်။ ဒိန်ချဥ်၊ ကင်မ်ချီ၊ သနပ်ချဥ်များ၊ မီဆို ဟင်းရည် နဲ့ ခုနောက်ပိုင်း ခေတ်စားလာတဲ့ ကွန်ဘူချာ နဲ့ ကီဖာတို့က အလှအပရေးရာမှာလည်း နာမည်ကြီးပါ။ အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေပြီး အဆိပ်အတောက်ကင်းလို့ အသားအရည်ကြည်ကြည်ဝင်းဝင်းနဲ့ ဂလိုးနေးရှင်းလေး ဖြစ်နေတာ ဒီအစားအသောက်တွေ ပုံမှန်စားတာကြောင့်လည်း ဖြစ်ပါတယ်။

၃။ ပင်လယ်စာ များများစားခြင်း
ဂျပန်ဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံလေးဆိုတော့ ပင်လယ်စာကလည်း အလွန်ပေါများသောပါပဲ။ ဂျပန်ဟင်းလျာတွေကို ကြည့်လိုက်ရင် အမျိုးမျိုးသော ငါး၊ ပုစွန်၊ ကင်းမွန်၊ ပြည်ကြီးငါး၊ ရေဘဝဲတွေကို တွေ့ရမှာပါ။ ဘာလေးပဲချက်ချက် သူတို့ဆီမှာ ပင်လယ်စာက မပါမဖြစ်ပါပဲ။ အဲဒီပင်လယ်စာတွေဟာ မကောင်းတဲ့ အဆီဓာတ်ကို လျှော့ချပေးပြီး ကောင်းမွန်တဲ့ဆီ - အိုမီဂါ ၃ ဖက်တီးအက်ဆစ်နဲ့ ဗိုက်တာမင်တွေ အများကြီး ပါဝင်နေပါတယ်။ ဒါကြောင့် အဝလွန်ခြင်းနဲ့ နှလုံးသွေးတိုးရောဂါတွေကို ကာကွယ်ပေးပါတယ်။

၄။ တစ်ခါစားရင် နည်းနည်းပဲစားခြင်း
ဂျပန်တွေရဲ့ အိမ်ထမင်းဟင်းကို ကြည့်ရင် ထမင်း၊ စွပ်ပြုတ်တစ်ခွက်၊ အချဥ်တည်ထားတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးမျိုးနဲ့ ငါးဟင်းကို အများဆုံး တွေ့ရမှာပါ။ ဂျပန်လူမျိုးက အစာကို အများကြီး မစားပါဘူး။ ပန်းကန်ကလေးတွေကလည်း သေးသေးလှလှလေးတွေနဲ့ တစ်ခါစားရင် နည်းနည်းပဲစားတဲ့အတွက် သီးသန့် diet လုပ်နေစရာ မလိုတော့တာပါ။

၅။ နေ့တိုင်း လမ်းလျှောက်ခြင်း
ကျောင်း၊ အလုပ်၊ စျေး ဘယ်ပဲသွားသွား ဂျပန်မလေးတွေက လမ်းလျှောက်သွာကြပါတယ်။ သူတို့က လမ်းလျှောက်ရတာကိုလည်း နှစ်သက်ကြပါတယ်တဲ့။ ဗုဒ္ဓဘာသာမှာ ရှိတဲ့ စင်္ကြံလျှောက်ခြင်းဓလေ့ဟာ သူတို့မှာလည်း ရှိပါတယ်။ ခြေလှမ်းတိုင်းကို သတိလေးနဲ့ လျှောက်တဲ့အတွက် စိတ်တည်ငြိမ်တဲ့ အကျိုးကျေးဇူးပါ ရတာပေါ့။

၆။ သွားရင်လာရင်း မုန့်စားတဲ့ အလေ့အကျင့် မရှိပါ။
ဂျပန်လူမျိုးဟာ အစားအစာကို အရမ်း တန်ဖိုးထားပါတယ်။ ထမင်းစားရင်းနဲ့ တီဗီကြည့်တာ၊ လမ်းသွားရင်း စာတာမျိုး ဘယ်တော့မှ မလုပ်ပါဘူးတဲ့။ ဒါဟာ သူတို့ယဥ်ကျေးမှုအရ မစားတာ ဖြစ်ပေမဲ့ ကျန်းမာရေးရှုထောင့်ကကြည့်ရင် အရမ်းကောင်းတဲ့ အလေ့အထ ဖြစ်နေခဲ့ပါတယ်။ လူ့ဦးနှောက်ဟာ အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်ရရင် အလုပ်တွေများပြီး တချို့အချက်တွေကို မသိတော့ပါဘူး။ ဥပမာ တီဗီကြည့်ရင်း အာလူးကြော် စားတဲ့အခါ ဘယ်လိုလုပ် တစ်ထုပ်လုံးကုန်သွားမယ် မသိသလိုပေါ့။ ခန္ဓာကိုယ်က ဗိုက်ပြည့်နေပေမဲ့ ဦးနှောက်က မသိဘဲ ဆက်စားနေမိတတ်ပါတယ်။ ဂျပန်မလေးတွေမှာ ဒီပြဿနာ မရှိပါဘူးတဲ့။

၇။ ကျန်းမာရေးနဲ့ ညီညွတ်စွာ ချက်ပြုတ်ခြင်း
ဂျပန်လူမျိုးတွေရဲ့ အဓိက ဟင်းချက်နည်း ၄ မျိုးက တမ်ပူရာ ကြော်ခြင်း၊ ပေါင်းခြင်း၊ ပြုတ်ခြင်းနဲ့ ကင်ခြင်းပဲ ဖြစ်ပါတယ်။ ဟင်းချက်ရာမှာ ဆီနဲ့ အရသာမှုန့်တွေ မထည့်ဘဲ ချက်ပြုတ်တဲ့အတွက် ပိန်သွယ်လှပနေတာပေါ့။

၈။ ကိုယ်ခံပညာ သင်ယူလေ့လာခြင်း
ဂျပန်ရိုးရာ ကိုယ်ခံပညာများ ဖြစ်တဲ့ အာခီဒို၊ ဂျူဒို၊ ကရာတေး၊ ဆူမို အစရှိတဲ့ ပညာရပ်တွေက ကမ္ဘာတစ်ဝှမ်း နာမည်ကြီးပါတယ်။ သူတို့ဆီမှာ မိန်းကလေးတွေကပါ ငယ်ငယ်တည်းက လေ့ကျင့်သင်ကြားရတဲ့အတွက် ခန္ဓာကိုယ်ကြံ့ခိုင်ပြီး ဖျတ်လတ်နေကြတာပါ။ ဒီပညာရပ်တွေမှာ ခန္ဓာကိုယ်ကို လှုပ်ရှားရတဲ့အတွက် အဆီကျစေပြီး ကြွက်သားတွေ ကျစ်လျစ်စေပါတယ်။

၉။ ရေပူစမ်းမှာ ရေချိုးခြင်း
ဂျပန်မှာ ရေပူစမ်းတွေ အများကြီး ရှိပြီး ရေစိမ်၊ ရေချိုးတဲ့ ဓလေ့လည်း အလွန်ခေတ်စားပါတယ်။ ရေပူစမ်းထဲမှာ ပျော်ဝင်နေတဲ့ သဘာဝဓာတ်ပစ္စည်းတွေကြောင့် စိတ်ဖိစီးမှု လျော့ကျခြင်း၊ နာကျင်မှုကို သက်သာစေခြင်း၊ သွေးလည်ပတ်မှု ကောင်းခြင်း၊ အသားအရည်ကြည်လင်လှပခြင်း စတဲ့ ကောင်းကျိုးတွေ အများကြီး ရပါတယ်။ လှရုံတင်မက ညဘက်လည်း ကောင်းကောင်းအိပ်ပျော်စေပြီး ကျန်းမာရေးအတွက် အရမ်းကောင်းသောပါပဲ။

၁၀။ အသားအရည်ထိန်းသိမ်းခြင်း အနုပညာ
ဂျပန်မလေးတွေရဲ့ အသားအရည်ဟာ နုဖက်အုအက်ပြီး အရေးအကြောင်းမရှိလို့ အနောက်တိုင်းသူတွေဆို အရမ်းအားကျကြပါတယ်တဲ့။ အဲဒီလို လှပရတဲ့ အခြေခံ အကြောင်းရင်းက သန့်ရှင်းမှုပါ။ ဂျပန်လူမျိုးဟာ သန့်ရှင်းရေးကို ဦးစားပေးတာမို့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို အရမ်းဂရုစိုက်ပါတယ်။ မိတ်ကပ်မဖျက်၊ မျက်နှာမသစ်ဘဲ လုံးဝ အိပ်ရာ မဝင်ပါဘူးတဲ့။ မိတ်ကပ်ဖျက်တဲ့နေရာမှာ အဆီဓာတ်ပါတဲ့ oil-based cleanser ကို သုံးပါတယ်တဲ့။ တိုနာ၊ လိုးရှင်းနဲ့ အခြား စကင်းကဲတွေမှာ အယ်လ်ကိုဟော ပါတာကို သူတို့ ရှောင်ကြပါတယ်။ ဂျပန်ရိုးရာ နောက်တစ်ခုကတော့ မျက်နှာကို နှိပ်နယ်ခြင်းပါ။ လက်နဲ့ပဲဖြစ်ဖြစ် သစ်သား roller လေးနဲ့ဖြစ်ဖြစ် နှိပ်နယ်ပေးတာကြောင့် သွေးလည်ပတ်မှု ကောင်းပြီး နုပျိုနေတာပါ။

ရည်ညွှန်း - Medical News. 20 reasons Japanese women stay slim and don't look old




