မျိုးသုဥ်းခါနီးတောရိုင်းသတ္တဝါတွေအပြင် သဘာဝတရားရဲ့လက်ရာမြောက်တဲ့ဖန်တီးမှုတွေရှိနေတဲ့ Zhangjiajie အမျိုးသားပန်းခြံဟာ တရုတ်နိုင်ငံရဲ့နာမည်ကြီးနေရာတစ်ခုဖြစ်ပါတယ်။ ထူထဲတဲ့တောအုပ်တွေအပြင် ကောင်းကင်ပေါ်ကိုထိုးထွက်နေဟန်ရှိတဲ့ တောင်စွန်းနှင့်တောင်တန်းတွေဟာ ရာဇဝင်ဇာတ်လမ်းတွေအများကြီးရဲ့အခြေတည်ရာနေရာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီအမျိုးသားဥယျာဥ်ဟာ ယူနက်စကိုစာရင်းဝင်ထားတဲ့ဥယျာဥ်တစ်ခုလည်းဖြစ်ပါတယ်။
တောအုပ်အတွင်းက ရေတံခွန် ဂူ ရှုခင်းတွေအပြင် တစ်ခြားတောရိုင်းအတွေ့အကြုံတွေကြောင့် Zhangjiajie ဟာ တောရိုင်းစွန့်စားခရီးထွက်တဲ့သူတွေကြားမှာလည်းနာမည်ကြီးတဲ့နေရာဖြစ်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးနှင့်အရှည်ဆုံးမှန်တံတားရှိတဲ့နေရာလည်းဖြစ်ပါတယ်။ ဒီမှန်တံတားဟာ ပေပေါင်းတစ်ထောင်ကျော်မြင့်တဲ့နေရာမှာရှိနေတာဖြစ်ပြီးတော့ လည်ပတ်တဲ့သူတွေရဲ့အကြိုက်ဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။
ဒါ့အပြင်တောအုပ်အတွင်းမှာ မျောက်တွေအများကြီးရှိနေပြီးတော့ ဒီမျောက်တွေဟာ အစားအစာတောင်းစားတာမျိုးလုပ်လေ့ရှိကြပါတယ်။ ဒီ Zhangjiajie မြို့မှာပဲ ကမ္ဘာပေါ်မှာအရှည်လျားဆုံးလို့ဆိုနိုင်တဲ့ကေဘယ်ကားရှိပြီးတော့ Zhangjiajie တောင်ပေါ်မှာလည်း Bumgee Jumping လိုမျိုး Activity တွေလုပ်ဆောင်နိုင်တဲ့နေရာရှိပါတယ်။