ရုတ်တရက်ကြည့်ရင် ကြောင်နှင့်ဆင်တူနေတဲ့ Binturong အကောင်လေးတွေဟာ အမှန်တော့ Civet မျိုးရင်းဝင်တွေဖြစ်ပါတယ်။ သူတို့ဟာ ကြောင်အပြင် ဝက်ဝံနှင့်တူတဲ့မျက်နှာပါရှိတာကြောင့် Bear-cat ဆိုတဲ့နာမည်နှင့်လည်း လူသိများကြပါတယ်။ ဒီအကောင်လေးတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာပဲတွေ့ရလေ့ရှိတဲ့အကောင်တွေဖြစ်ပြီးတော့ အထူးသဖြင့် နီပေါ ထိုင်း မြန်မာ အိန္ဒိယတို့မှာတွေ့ရတတ်ပါတယ်။

သူတို့ဟာ အရွယ်အစားမျိုးစုံရှိပြီးတော့ သန်မာတဲ့အမြီးရှိတာကြောင့် သစ်ပင်တက်တော်တဲ့အကောင်တွေပါ။ အမြီးတွေဟာ သန်မာပြီးတော့ အသုံးဝင်တာကြောင့် သစ်ပင်ပေါ်မှာတွဲလောင်းခိုတာမျိုးမှာပါအသုံးပြုနိုင်ပါတယ်။ သူတို့အချိန်အများစုကိုလည်း သစ်ပင်တွေပေါ်မှာပဲကုန်ဆုံးကြလေ့ရှိပါတယ်။ ဒီအကောင်လေးတွေဟာ သစ်သီးတွေကိုအဓိကစားသုံးကြပေမဲ့ အသီးတွေရှားပါးတဲ့နေရာမှာဆိုရင် တစ်ခြားအရွက်တွေ အင်းဆက်အသေးစားလေးတွေအပြင် ငှက်ဥတွေကိုပါစားနိုင်ကြပါတယ်။

ဒီအကောင်လေးတွေဟာ အပင်တွေပြန့်ပွားတဲ့နေရာမှာလည်းအဓိကကျတဲ့နေရာကနေပါဝင်နေပါတယ်။ သူတို့အစာမချေနိုင်ဘဲစွန့်ထုတ်လိုက်တဲ့ သစ်သီးအစေ့တွေဟာ အပင်ဖြစ်လာပြီးတော့ ဂေဟစနစ်ကိုအများကြီးအထောက်အကူပြုနေတာဖြစ်ပါတယ်။ ရေကူးတော်ပြီးတော့ သဘာဝထဲမှာသေချာဂရုစိုက်ထိန်းသိမ်းရင် အနှစ်နှစ်ဆယ်နီးပါးအထိအသက်ရှင်နိုင်ပါတယ်။ Binturong ကောင်တွေဟာအကောင်ရေနည်းပါးလာတာကြောင့် မျိုးသုဥ်းဖို့စိုးရိမ်ရတဲ့အကောင်တွေလည်းဖြစ်ပါတယ်။




