Sphynx လို့ခေါ်တဲ့ အမွှေးမပါတဲ့ကြောင်တွေဟာအခုနောက်ပိုင်း အိမ်မွေးတိရိစ္ဆာန်ကြောင်တွေကြားမှာနာမည်ကြီးလာပါတယ်။ တစ်ခြားကြောင်တွေနှင့်မတူတဲ့ဒီလိုအသွင်အပြင်ကြောင့်နာမည်ကြီးလာတဲ့ဒီကြောင်တွေဟာအမွှေးမပါပေမဲ့ မတူညီတဲ့ပုံစံနှင့် အသွင်အပြင်အမျိုးမျိုးရှိကြပါတယ်။ ပြီးတော့အမွှေးမပါဘူးဆိုပေမဲ့ သူတို့ဟာအရေပြားပေါ်မှာ အမွှေးအမျှင်နှင့်တူတဲ့အလွှာသေးသေးလေးတစ်ခုထပ်ပြီးရှိပါသေးတယ်။

သူတို့ဟာကြီးမားတဲ့မျက်လုံးတွေနှင့်နားရွက်အကြီးကြီးတွေရှိတာကြောင့် နိုးကြားပြီးတော့ သတိထားနေပုံပေါ်တဲ့အသွင်အပြင်ကိုဖြစ်စေပါတယ်။ အမွှေးမရှိတာကြောင့် ဒီကြောင်တွေရဲ့ခန္ဓာကိုယ်အပူချိန်ဟာ သာမာန်ထက်ပိုပြီးမြင့်မားပါတယ်။ ဒီလိုနည်းလမ်းနှင့်သူတို့ဟာပြင်ပကအအေးဒဏ်တွေကိုခံနိုင်ရည်ရှိကြတာဖြစ်ပါတယ်။

အမှန်တော့ ဒီကြောင်တွေဟာအရင်ကတည်းကရှိနေခဲ့တဲ့မျိုးစိတ်မဟုတ်ပါဘူး။ ၁၉၆၆ မှာ မျိုးစိတ်အသစ်ဖောက်ရာကနေပေါ်ပေါက်လာတာဖြစ်တာကြောင့် လူသားတွေရဲ့ဖန်တီးမှုတစ်ခုလို့ယူဆနိုင်ပါတယ်။ အမွှေးတွေမရှိတာကြောင့် သူတို့ရဲ့ခန္ဓာကိုယ်အရေပြားကို သေချာဂရုစိုက်ပေးဖို့လိုအပ်တဲ့အပြင် နေလောင်တာနှင့် အရေပြားရောဂါတွေကနေလည်းသေချာကာကွယ်ပေးဖို့လိုအပ်ပါတယ်။




