ကမ်းခြေနှင့်ရေထဲတွေမှာ အပြာရောင်အလင်းတွေဖြာထွက်နေတာမျိုးကိုတွေ့ဖူးကြမှာပါ။ များသောအားဖြင့် ပင်လယ်နေသတ္တဝါတွေဟာ ညဖက်မှာအရောင်ထွက်တာမျိုးမရှိပေမဲ့ Bioluminescence လုပ်နိုင်တဲ့သတ္တဝါတစ်ချို့ရှိပါတယ်။ Bioluminescence ဆိုတာအသက်ရှိနေတဲ့ဇီဝသတ္တဝါတွေရဲ့ခန္တာကိုယ်ကနေအလင်းရောင်တွေထွက်နေတာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။

ကုန်းမြေပေါ်မှာဆိုရင် ပိုးစုန်းကြူးလိုမျိုးအကောင်တွေဟာညရောက်ရင် ကိုယ်အနောက်ပိုင်းကနေတစ်ဆင့်အလင်းရောင်တွေထုတ်လွှင့်ကြပါတယ်။ ဒီလိုထုတ်လွှင့်ခြင်းဟာ ပြိုင်ဖက်တွေကိုသတိပေးဖို့ သားကောင်တွေကိုဆွဲဆောင်ဖို့လုပ်ကြတာမျိုးဖြစ်သလို မျိုးတူအချင်းချင်းအဆက်အသွယ်လုပ်ဖို့လည်းဒီအလင်းဖြာထွက်မှုကိုအသုံးပြုကြလေ့ရှိပါတယ်။ ဒီလိုထွက်ခြင်းဟာ တစ်ချို့သတ္တဝါတွေအတွက် ထိန်းချုပ်နိုင်ပေမဲ့ တစ်ချို့အတွက်တော့ မထိန်းချုပ်နိုင်ဘဲ သဘာဝအလျောက်အလိုအလျောက်ထုတ်လွှင့်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

ဒီလိုထုတ်လွှင့်တတ်တဲ့သတ္တဝါတွေမှာ ပင်လယ်အောက်ကြမ်းပြင်ကရေနေသတ္တဝါတွေပါနေသလို ငါးမန်းလိုမျိုးအကောင်ကြီးမျိုးထဲကလည်းပါဝင်နေပါတယ်။ ဒီအကောင်ကြီးတွေဟာ ခန္တာကိုယ်တစ်ခုလုံးအရောင်ထွက်လာတာမျိုးမဟုတ်ဘဲ အစိတ်အပိုင်းတွေမှာပဲ လင်းထိန်တတ်ကြတာဖြစ်ပါတယ်။ သမုဒ္ဒရာအတွင်းက ဂျယ်လီငါး ဘက်တီးရီးယား ရေညှိနှင့် ကြယ်ငါးမျိုးစိတ်တွေဟာ Bioluminescence ဖြစ်စဥ်ကိုအများဆုံးဖော်ပြကြတဲ့မျိုးစိတ်တွေဖြစ်ပါတယ်။




