Cougar လို့ လူသိများတဲ့ ကျားမျိုးစိတ်ကတော့ သိပ္ပံနာမည် Puma concolor လို့ခေါ်ပြီး Puma မျိုးစိတ်က ဆင်းသက်လာတဲ့ တောကြောင်ကြီးတစ်မျိုးလည်း ဖြစ်ပါတယ်။ ၁၇၇၁ ခုနှစ်မှာ ပညာရှင် Linnaeus က ပထမဆုံးတင်ပြခဲ့ပြီး ဇာတိကတော့ အမေရိကတိုက် ပဲဖြစ်ပါတယ်။ Cougar တွေဟာ ကမ္ဘာပေါ်မှာ အကျယ်ပြန့်ဆုံး ပြန့်နှံ့နေတဲ့ ကုန်းနေ ကျားမျိုးစိတ် တစ်မျိုးဖြစ်ပြီး ကျောက်ဆောင်ထူထပ်တဲ့ တောတောင် အမြင့်တွေမှာ နေထိုင်လေ့ ရှိကြပါတယ်။ ကမ္ဘာပေါ်က စတုတ္ထအကြီးဆုံး ကျားမျိုးစိတ် ဖြစ်ပြီး လဝန်းပုံစံ ဦးခေါင်းဝိုင်းဝိုင်း ၊ တြိဂံပုံ နားရွက်ချွန်ချွန် ၊ ချွန်ထက်တဲ့ ခြေသည်းတို့နဲ့ ဖွဲ့စည်းထားပါတယ်။

အရွယ်ရောက်ပြီးတဲ့ Cougar တစ်ကောင်ရဲ့ ပျမ်းမျှ ပုခုံးအထိ အမြင့်မှာ ၆၀ မှ ၉၀ စင်တီမီတာ ( ၂၄ မှ ၃၅ လက်မ ) ရှိပြီး နှာခေါင်းထိပ်မှ အမြီးအထိ ဒေါင်လိုက်အလျား ၂.၄ မီတာ ( ၇ ပေ ၁၀ လက်မ ) ရှိကြပါတယ်။ အမထက် အထီးက အကောင်အရွယ်အစား ပိုကြီးပြီး အမွေးအရောင်မှာတော့ အညိုရင့်ရောင် ရှိပါတယ်။ Cougar တွေရဲ့ ဦးခေါင်းအောက်မေးခြမ်း ၊ လည်ပင်း နဲ့ ခန္ဓာကိုယ်ရဲ့အချို့နေရာတွေမှာ အညိုနုရောင်မှ မီးခိုးရောင်အထိ ဒေသအလိုက် ကွဲပြား ကြပြီး သားကောင်ကို ချုံခိုတိုက်ခိုက်တတ်တဲ့ ကျားမျိုးစိတ်ပဲ ဖြစ်ပါတယ်။ နေ့အချိန်မှာ အေးဆေး အိပ်စက်အနားယူလေ့ ရှိပြီး ညနက်သန်းခေါင်ချိန်မှာ အမဲလိုက်ကြတာပဲ ဖြစ်ပါတယ်။

ဒါအပြင် ရှည်လျားပြီး ချွန်ထက်တဲ့ ခြေသည်းတွေ ပါရှိတဲ့ Cougar တွေဟာ အပြေးမြန်တဲ့ ချန်ပီယံ အပြေးသမားတွေ ဖြစ်တဲ့အပြင် အမြင့်ပေ ၅.၅ မီတာ ( ၁၈ ပေ ) အမြင့်ကို ခုန်တက်နိုင်ကြပါတယ်။ အဆီပိုမရှိဘဲ ကျစ်လစ်သိပ်သည်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေမယ့် လျော့တွက်လို့ မရတဲ့ ကျားမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ တောရိုင်းနေ အသားစားတိရစ္ဆာန်မျိုးစိတ် ဖြစ်တာကြောင့် လူတွေနဲ့ လိုက်လျောညီထွေ မရှိကြပါဘူး။ ဒါကြောင့် Cougar ကိုက်ခံရမှုကြောင့် သေဆုံးခဲ့တဲ့ လူပေါင်းများစွာ ရှိခဲ့ပြီး လူတွေကြောင့် သေဆုံးခဲ့တဲ့ Cougar များစွာလည်း ရှိပါတယ်။ လက်ရှိမှာတော့ Cougar နဲ့ လူသားတို့ အတူယှဉ်တွဲနေနိုင်အောင် ကြိုးစားလျက် ရှိပါတယ်။





