Common sunflower ဆိုပြီး လူသိများ နာမည်ကြီးတဲ့ ဘုံနေကြာကြီးတွေကို သိပ္ပံနာမည် Helianthus annuus လို့ ခေါ်ပါတယ်။ Asteraceae မျိုးစုက ဆင်းသက်လာတဲ့ Annual plant မျိုးစိတ်တစ်မျိုးဖြစ်ပြီး ၁၅ ရာစုကတည်းက အမေရိကမှာ ပထမဆုံးစိုက်ပျိုးခဲ့ ကြပါတယ်။ နွေရာသီမှာ ကျယ်ပြန့်စွာ ပွင့်လေ့ရှိပြီး ၁၆ ရာစုထဲမှာ ဒီနေကြာတွေရဲ့ အစေ့ကို ဟင်းချက်ဆီ ထုတ်လုပ်ရာမှာ စတင် အသုံးပြုခဲ့ပါတယ်။ Common sunflower တွေရဲ့ ပန်းဝတ်ရည်ဟာ ငှက် ၊ လိပ်ပြာ တို့ရဲ့ အစားအစာ နဲ့ အိမ် ၊ ခြံတို့အတွက် အလှတရားတိုးစေတာကြောင့် ကမ္ဘာမြေရဲ့ ဂေဟစနစ် နဲ့ သာယာလှပရေးအတွက် များစွာ အထောက်အကူပြုတဲ့ အပင်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။

နေဘက်ကို မျက်နှာမူကာ အစွမ်းကုန် ပွင့်လန်းတတ်တဲ့ ဒီနေကြာတွေဟာ အပင်တစ်ပင်လုံးကို အပွင့်တစ်ပွင့်ကြီးထဲနဲ့ ခမ်းခမ်းနားနားပွင့်ဖူးတဲ့ ပန်းမျိုးစိတ်လေးတစ်မျိုးပဲ ဖြစ်ပါတယ်။ Common sunflower တစ်ပင်ဟာ ပုံမှန်အားဖြင့် အမြင့် ၃ မီတာ ( ၁၀ ပေ ) အထိ မြင့်ပြီး အမွေးနုတွေ ပတ်လည်ပေါက်နေတဲ့ ပင်စည်ကြီး ၊ အစိမ်းရောင် အရွက်တို့နဲ့ ဖွဲ့စည်းထားပါတယ်။ Common sunflower တစ်ပင်ရဲ့ အမြင့်ဆုံး စံချိန်တင်အမြင့်မှာ ၉.၁၇ မီတာ ( ၃၀ ပေ ၁ လက်မ ) ဖြစ်ပြီး အပွင့်မှာ အဝါရောင်တောက်တောက် ပွင့်ဖက်လေးတွေ စီတန်းထားပြီး အလယ်မှာ နေကြာစေ့လို့ ခေါ်တဲ့ အညိုရင့်ရောင် စက်ဝိုင်းပုံ ဧရိယာလေး ပါရှိပါတယ်။

၁၉ရာစုနှောင်းပိုင်းမှာ အမေရိက က နေကြာပန်းတွေပွင့်ဖူးတဲ့ဒေသတစ်ခုဟာ နေကြာပန်းတွေကြောင့် ငှက်ဖျားရောဂါဘေးမှ ကင်းလွတ်ခဲ့တယ် ဆိုတဲ့ ဒဏ္ဍာရီများလည်း ရှိပါသေးတယ်။ ဒါအပြင် Common sunflower ရဲ့အမြစ်ဟာ ခဲ ၊ ကက်မီယမ် ၊ ဇင့် ၊ စီဆီယမ် ၊ စထရွန်နီယမ် နဲ့ ယူရေနီယမ် ကဲ့သို့သော မြေဆီလွှာအတွင်းက ညစ်ညမ်းတဲ့ သတ္တုဓာတ်တွေကို စုတ်ယူနိုင်ပါတယ်။ ရုရှား နဲ့ ယူကရိန်းနိုင်ငံတို့ဟာ ကမ္ဘာပေါ်က နေကြာ အစိုက်ဆုံး နဲ့ ထုတ်လုပ်မှုအများဆုံး နိုင်ငံ နှစ်နိုင်ငံဖြစ်ပြီး ၂၀၂၀ ခုနှစ် စစ်တမ်းတွေအရ နှစ်နိုင်ငံစုစုပေါင်း နေကြာစေ့ထုတ်လုပ်မှု တန်ချိန် သန်း ၅၀ ရှိခဲ့ပါတယ်။ ပူပြင်းတဲ့ နွေကို အစွမ်းကုန်အံတုပြီး မျက်နှာမူကာ ရှင်သန်ကြတာကြောင့် Common sunflower တွေကို အခမ်းအနားတွေနဲ့ အောင်ပွဲ ၊ ပွဲလမ်းသဘင်တို့မှာ အလှဆင်ပန်းတွေအဖြစ် ကျယ်ပြန့်စွာ အသုံးပြုလျက် ရှိပါတယ်။
